သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့ရှေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် သဘောထား ထုတ်ပြန်ဖွယ်ရှိ


နေအိမ်မှာအကျယ်ချုပ်နဲ့ ဆက်ပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်၊ NLD ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းတို့ ဒီကနေ့ နေ့လယ်က တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီလို တွေ့ဆုံတဲ့အချိန်မှာ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ဒီကနေ့ တွေ့ဆုံမှုကတော့ မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာပဲ တွေ့ခွင့်ရခဲ့ပြီး နိုင်ငံ့အရေး၊ တိုင်းပြည်အရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အခုလို ပြောပြပါတယ်။

“နိုင်ငံရေးပါဗျ၊ နိုင်ငံရေးပါ၊ တိုင်းပြည်အရေးပါ။ ဟုတ်ပါတယ်။ ပါတီတွင်းဆိုတာထက် တိုင်းပြည်အတွက်၊ နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတွေ ပါပါတယ်။ ကျနော်တို့ အကောင်းဆုံးလုပ်ရပ် တခုပဲလို့ အဲဒီလောက်တော့ ပြောနိုင်ပါတယ်။”

ထူးခြားတဲ့ လုပ်ငန်း ၂ ခုကို ဆွေးနွေးဖြစ်ခဲ့ရာမှာ ပါတီတွင်း ရှေ့လုပ်ရမယ့် လုပ်ငန်းစဉ်တွေ ပါဝင်တဲ့အကြောင်း အသေးစိတ်ပြောပြဖို့ ငြင်းဆိုခဲ့ပြီး ပါတီရဲ့ ဦးဆောင်ကော်မတီ CEC နဲ့ တိုင်ပင်ပြီးမှသာ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“ထူးခြားမှုက လုပ်ငန်း ၂ ခုပါ။ တခုကတော့ အဖွဲ့ချုပ်အတွင်း လုပ်ရမယ့် လုပ်ငန်းတွေကို ဆွေးနွေးကြတယ်။ အသေးစိတ်တော့ ကျနော် ပြောခွင့် မရှိပါဘူး။ တခြား အချက်အလက်တွေတော့ ကျနော် ပြောဖို့ မရှိပါဘူး။ ဆွေးနွေးတာလည်း အများကြီးပါ။ ခုန ကိစ္စ ဆောင်ရွက်ဖို့ကတော့ ကျနော် ဆောင်ရွက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သဘောတူပါတယ်။ CEC ကို တင်ပြထားပါတယ်။ CEC က လက်ခံတယ်ဆိုရင် အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပေးပါမယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အထူးတာဝန်တခု ပေးထားကြောင်း သိရှိရတဲ့အတွက် ဒီတာဝန်နဲ့ ပတ်သက်ပြီး ပြောပြနိုင်မလားလို့ မေးတဲ့အခါမှာတော့…

“အဲဒီတာဝန်နဲ့ ပတ်သက်ပြီး ကျနော် CEC ကို တင်ပြထားတယ်။ CEC က လာမယ့် တနင်္လာနေ့မှာ ပုံမှန် အစည်းအဝေးရှိတယ်။ အဲဒီ ပုံမှန် အစည်းအဝေးက ဒီတင်ပြချက်ကို လက်ခံလို့ရှိရင် အင်္ဂါနေ့မှာ သတင်းထုတ်ပြန်ပေးပါမယ်။”

ဒီနေ့ဆွေးနွေးတဲ့ ကိစ္စထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ပြုပြင်ရေး ကိစ္စတွေ ပါဝင်ကြောင်းကိုလည်း ဦးဉာဏ်ဝင်းက ဆက်ပြောပြပါတယ်။

“နောက်တခုက နေအိမ်ပြုပြင်ဖို့ကိစ္စ ပါမစ် (permit) ကျပါပြီ။ အဲဒီ ပါမစ်ကျတဲ့အခါ အင်ဂျင်နီယာနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ရေး၊ ပစ္စည်းတွေ ဘယ်တော့စုမယ်၊ လူ ဘယ်နှစ်ယောက်လုပ်မယ်၊ ဒီလိုကိစ္စတွေ ဆွေးနွေးကြပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ပါတီက လုပ်ဖော်ကိုင်ဖက် ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် အကုန်လုံးနဲ့ တွေ့ဆုံခွင့်ရရေး တောင်းဆိုထားပေမဲ့ လက်ရှိမှာတော့ အာဏာပိုင်တွေဘက်က ခွင့်ပြုခြင်း မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG