သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည်ထိန်းသိမ်းခံ မြန်မာသူပုန်တွေကို ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ စဉ်းစားနေပြီ


လက်နက်မှောင်ခိုမှုနဲ့ အိန္ဒိယမှာ နှစ်ရှည် ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား သူပုန်တွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားနေပါပြီ။ သူတို့ဟာ အိန္ဒိယ ကာလကတ္တား အကျဉ်းထောင်ထဲကနေ အမှုရင်ဆိုင်နေရတာ ဖြစ်ပြီး အကယ်၍ တရားသေ လွတ်မြောက်လာခဲ့မယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ပြန်ပို့ခံရနိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လက်နက်မှောင်ခိုမှုနဲ့ စွပ်စွဲခံထားရပြီး အိန္ဒိယ အကျဉ်းထောင်တွေမှာ ၁၀ နှစ်ကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်နဲ့ ကရင်သူပုန် ၃၄ ဦးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။ ဒီသူပုန် ၃၄ ဦးကတော့ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးပါတီ (NUPA) က ၂၃ ဦးနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ၁၁ ဦး ဖြစ်ပါတယ်။

NUPA ဥက္ကဋ္ဌ ဒေါက်တာခင်မောင်က အခုလို အသိအမှတ်ပြုမှုကို ကြိုဆိုလိုက်ပါတယ်။

“ဒါက ကျနော်တို့ အင်မတန်မှ ဝမ်းသာတယ်၊ ဂုဏ်ယူတယ်၊ ကျေးဇူးတင်တယ်ဆိုတာ မပြောတတ်တော့ဘူး။ ဒီလိုဖြစ်လာတာလည်းပဲ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ၊ ကျနော်တို့ အတိုက်ခံတွေက Signature Campaign လုပ်ပြီးတော့ ဒီရဲဘော်တွေအတွက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ Freedom Fighter တွေ ဖြစ်တယ်ဆိုတဲ့ တောင်းဆိုခဲ့မှုအပေါ်မှာ၊ နောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ရှုထောင့်ကနေပြီးတော့ UNHCR က လက်ခံလိုက်တာကို ကျနော်တို့ အများကြီး ဝမ်းသာပါတယ်ခင်ဗျ။”

စောစောပိုင်းကတော့ NUPA ပါတီဟာ သူတို့ရဲ့ ရဲဘော်တွေ ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရဝါနဲ့ မိတ်ဆွေတချို့ရဲ့ လက်ချက်လို့ စွပ်စွဲထုတ်ပြန်မှုတွေ ရှိပေမဲ့ အိန္ဒိယစစ်ဘက်က တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိခဲ့ပါဘူး။

KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ် တာကပေါကလည်း အခုလို အသိအမှတ်ပြုမှုဟာ အလားအလာ ကောင်းတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့၊ အလားအလာ ကောင်းပါတယ်။ ဘာလု့ိလဲဆိုတော့ သူတို့အနေနဲ့က အိန္ဒိယနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ဘာတွေ ချိုးဖောက်တာလည်းမရှိ၊ သူတို့အနေနဲ့ တဘက်လှည့် အလိမ်ခံရတယ်လို့ပဲ ပြောရမှာပေါ့။ သူတို့ကလည်း ရခိုင်ဘက်ကို သွားတဲ့အခါမှာ အလိမ်ခံရပြီး ခေါင်းဆောင်တွေလည်း အသတ်ခံရ၊ နောက်ပြီး ထောင်ထဲမှာလည်း နှစ်ပေါင်းကြာနေပြီ၊ အဲဒီအခြေအနေမှာ ရှိပါတယ်။”

ဒီသူပုန်တွေဟာ ၁၉၉၈ ခုနှစ်ဆန်းပိုင်း ကတည်းက အိန္ဒိယပိုင် ဂရိတ် နီကိုဘာကျွန်းစုထဲက လန်းဖောကျွန်းမှာ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့ဟာ အိန္ဒိယ စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဂရဝါနဲ့ သဘောတူညီချက်အရ လမ်းဖောကျွန်းမှာ အခြေချစခန်း တည်ဆောက်ဖို့ ရောက်လာကြတာ ဖြစ်တယ်လို့ NUPA က ပြောပါတယ်။ လမ်းဖောကျွန်းကို ရောက်ပြီး နောက်တနေ့မှာပဲ ဗိုလ်ခိုင်ရာဇာ၊ ဖဒိုမူးရယ် အပါအဝင် ခေါင်းဆောင် ၆ ဦး သတ်ဖြတ်ခံလိုက်ရပါတယ်။ ကျန်တဲ့သူပုန်တွေ ကတော့ ဂရိတ် နီကိုဘာ ကျွန်းစုထဲက ပို့ဘလဲယားကျွန်းမှာ အမှုရင်ဆိုင်ခဲ့ရပြီး ၂၀၀၆ ခုမှာ ကာလကတ္တား အကျဉ်းထောင် ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

သူပုန်တွေအတွက် ကူညီပေးနေသူတွေကတော့ အိန္ဒိယအစိုးရ အနေနဲ့ တရားဥပဒေ လမ်းကြောင်းအရ မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့နဲ့ အကယ်၍ လွတ်မြောက်လာရင်လည်း လုံခြုံဘေးကင်းတဲ့ နိုင်ငံတခုခုမှာ နိုင်ငံရေး ခိုလှုံခွင့်ရဖို့ ပြင်ဆင်နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ အရှေ့တီမောနဲ့ ချက်သမ္မတ နိုင်ငံတို့က သူတို့ကို နိုင်ငံရေးခိုလှုံခွင့် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

ဒီလူတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုဖို့ UNHCR က စဉ်းစားနေတဲ့အပေါ် သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ မစ္စတာ Siddharth Aggarwal ကလည်း ကြိုဆိုလိုက်ပါတယ်။

“ဒီလို ဖြစ်သွားတဲ့အတွက် ကျနော်ဝမ်းသာပါတယ်၊ သူတို့ကို မြန်မာနိုင်ငံပြန်ပို့တော့မှာ မဟုတ်တဲ့အတွက် မျှော်လင့်ချက် လည်းရှိလာပါတယ်။ တကယ်လို့သာ သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုရင် သူတို့ဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရမှာပါ။” လို့ ရှေ့နေဖြစ်သူ မစ္စတာ Siddharth Aggarwal က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG