အာရှတိုက်သို့ ဦးတည် ခရီးထွက်သွားတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မျှတရေးနဲ့ ကျယ်ပြန့်စွာ မျှဝေရေး နှစ်ရပ်စလုံး ကြီးထွားမယ့် ဗျူဟာကို ဆွေးနွေးသွားမယ်လို့ ပြောဆိုပါတယ်။
အာရှနဲ့ ပစိဖိတ်ဒေသ ဈေးကွက်များကို အမေရိကန် ပို့ကုန်များအတွက် ပိုပြီးဖွင့်ပေးဖို့ သက်ဆိုင်ရာ ခေါင်းဆောင်များအား တိုက်တွန်းသွားမယ်လို့လည်း ဝါရှင်တန်က မထွက်ခွာခင် သမ္မတ အိုဘားမားက ပြောဆိုသွားပါတယ်။
အမေရိကန် သမ္မတရဲ့ အာရှတိုက်သို့ ၉ ရက်ကြာ ခရီးအစအဖြစ် ဂျပန်နိုင်ငံကို ပထမ သွားရောက်ပြီး စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စရပ်များကို သက်ဆိုင်ရာ တာဝန်ခံများနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။
တိုကျိုမြို့ကနေ စင်ကာပူမှာ ကျင်းပမယ့် အေးပက် (APEC) ခေါ် အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး ညီလာခံကိုလည်း အမေရိကန် သမ္မတ တက်ရောက်မှာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အိုဘားမားဟာ တရုတ်ပြည်မှာ ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့များကို သွားရောက်ပြီး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုလည်း ဝင်ရောက်မှာ ဖြစ်ပါတယ်။