သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ပြင်ဆင်ချက်တင်ပြီ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံ နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ဒီကနေ့ တရားရုံးချုပ်ကို ပြင်ဆင်ချက် တင်သွင်းလိုက်ပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြစ်ပေးတဲ့ စီရင်ချက်ဟာ ဥပဒေနဲ့မညီဘဲ မှားယွင်းတဲ့ စီရင်ချက်ဖြစ်တယ် ဆိုတာကို ထပ်မံလျှောက်လဲ တင်ပြမယ်လို့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦး အစီရင်ခံထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အရေးယူထားတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့ဘူး ဆိုတာမှန်ပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ် စည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး ရန်ကုန်တိုင်း တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီလို ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး အယူခံ ပြင်ဆင်ချက်ကို ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အကျိုးဆောင်ရှေ့နေတွေက တရားရုံးချုပ်ကို တင်သွင်းလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရှေ့နေကြီး ဦးကြည်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ပြင်ဆင်ဖို့ဆိုတာက နောက်ထပ် အယူခံ၊ ဒုတိယအယူခံ ရယ်လို့ မရှိဘူး။ လုပ်ထုံးလုပ်နည်းက ပြင်ဆင်မှု တက်တယ်။ ပြင်ဆင်မှု တက်တော့ ဒီကနေ့ ကျနော်နဲ့ ကျနော့်တပည့်မ ညွှန့်ညွှန့်အေး နဲ့ သွားတင်လိုက်ကြပါတယ်။ တင်လိုက်တော့ ဟိုက လက်ခံတယ်။ လက်ခံတယ်ဆိုတာက ဒီလိုဗျ၊ - သူတို့က ဒီနေ့ အမှုနံပါတ် ပေးလိုက်တာပေါ့။ ကျနော်တို့ အမှုနံပါတ်က (၆၀၀-ခ/၂၀၀၉) ပေါ့။"

ဒီပြင်ဆင်ချက်နဲ့ပတ်သက်ပြီး ဘယ်တော့ ကြားနာမလဲဆိုတာ အတိအကျတော့ မသိရသေးပါဘူး။ အမှုနံပါတ် ကျသွားပြီ ဖြစ်တဲ့အတွက် တရားရုံးချုပ်က သောကြာနေ့တိုင်း ၁၄ ရက်ကြာ ကြားနာမယ့် အမှုစာရင်းတွေကို ထုတ်ပြန်လေ့ရှိပြီး အဲဒီစာရင်းမှာ ပါမပါစောင့်ရင်း လုပ်ထုံး လုပ်နည်းအရ လျှောက်လဲချက်ပေးဖို့ စောင့်ရမှာဖြစ်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက ရှင်းပြပါတယ်။

"ကောင်းပြီ လက်ခံသင့်မသင့် ကြားနာမယ်ဆိုရင် ကျနော်တို့ သွားလျှောက်လဲရမယ်။ လျှောက်လဲတော့ လက်ခံ သင့်ကြောင်း ကျနော်တို့ ခိုင်ခိုင်မာမာ ပြောနိုင်လို့ရှိရင် တရားရုံးက လက်ခံတယ် ဆိုပြီးတော့၊ သူက ဘာလုပ်မလဲ ဆိုတော့ ရှေ့နေချုပ်ရုံးကို အကြောင်းကြားမယ်။ ကျနော်တို့ ဒီ တင်ပြတဲ့ ပြင်ဆင်မှု အပိုကော်ပီ ရှေ့နေချုပ်ရုံးကို ပို့လိုက်တယ်။ ရက်ချိန်းတခု သတ်မှတ်ပေးမယ်။ အဲဒီနေ့ကျတော့ နှစ်ဖက်မျက်နှာစုံညီပေါ့ဗျာ။ ရှေ့နေချုပ်ရုံးရော၊ ကျနော်တို့ရော ပြိုင်ပြီးတော့ လျှောက်လဲကြရမှာပဲ။ ဒါပဲ။ အဲဒီအပေါ်မှာ နောက်တော့ ရက်ပိုင်းလောက်တော့ ဆုံးဖြတ်ချက် ချမှာ။"

မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်တွေက ပထုတ်ဖို့အတွက် အမှုဆင်ပြီး နေအိမ်အကျယ်ချုပ် နဲ့ ဆက်လက် ဖမ်းဆီးထားတာ ဆိုပြီး အမေရိကန်ပြည်ထောင်စုက ပြောဆိုနေတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့အချိန်မှာ အခုလို နေအိမ်အကျယ်ချုပ်အမှု အယူခံပြင်ဆင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တင်သွင်းလိုက်တာပါ။ ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ နေအိမ်ခြံဝန်းထဲကို ရေကူးပြီး ခိုးဝင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်ထော ကို လွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးခဲ့တာကြောင့် အခု တင်သွင်းတဲ့ပြင်ဆင်ချက်နဲ့ပတ်သက်လို့ ဘယ်လောက်အထိ မျှော်လင့်ချက် ရှိပါသလဲလို့ ရှေ့နေကြီး ဦးကြည်ဝင်း ကို ဆက်မေးကြည့်ပါတယ်။

"ကျနော်တို့က ရှေ့နေပီပီပေါ့ဗျာ။ ကျနော်တို့ ပြုစုပြီးတော့ ရေးသားထားတဲ့ ပြင်ဆင်မှုမှာ အကြောင်းပြချက်တွေနဲ့ ဖော်ပြတာကိုး။ အဲဒီတော့ အဲဒီအကြောင်းပြချက်တွေမှာ ကျနော်တို့ မျှော်လင့်ချက် အများကြီးထားတယ်။ ပထမအဆင့် လက်ခံပေးမှာကတော့ ကျနော် ထင်တယ်။ တော်တော်ကြီးကို သေချာတယ်။ လက်ခံပြီးရင်လည်း ထပ်ဆင့်ပြီးတော့ ပြောရင် အခု စီရင်ချက်၊ အပြစ်ပေးတဲ့ စီရင်ချက်က ဥပဒေနဲ့ မညီဘူး၊ မှားယွင်းတယ်ဆိုတာ သူတို့ မြင်နိုင်အောင်ကို ကျနော်တို့ တင်ပြမယ်။ မြင်လည်း မြင်မှာပါ။ သက်သက်မဲ့ မျက်လုံး ပိတ်ထားရင်တော့ မပြောတတ်ဘူး။ မဟုတ်ရင်တော့ မြင်အောင် ကျနော်တို့ တင်ပြမှာပါ။"

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အမှု အယူခံပြင်ဆင်ချက် တရားရုံးချုပ်ကို တင်သွင်းလိုက်တာနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG