သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ထိပ်သီးညီလာခံ


APEC (Asia-Pacific Economic Cooperation) ခေါ် အာရှပစ္စီဖိတ်စီးပွားရေးဆွေးနွေးပွဲမှာ စီးပွားရေးခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံကို နိုဝင်ဘာလ (၁၄) နေ့မှာ ကျင်းပပေမယ့် နိုဝင်ဘာလ (၈) ရက်နေ့ကတည်းက ညီလာခံ စတင်ခဲ့ပါတယ်။ ထိပ်တန်းအရာရှိ အစည်းအဝေး၊ ဘဏ္ဍာရေးဝန်ကြီး အစည်းအဝေး၊ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး အစည်းအဝေး လုပ်ငန်းရှင်များ အစည်းအဝေး၊ လုပ်ငန်းခေါင်းဆောင် အစည်းအဝေး စသဖြင့် တပတ်လုံး အစည်းအဝေးတွေ ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးကို နောက်ဆုံးကျင်းပတာပါ။

ဒါပေမဲ့ APEC ဝေါဟာရဟာမှာ နိုင်ငံခေါင်းဆောင်၊ အစိုးရခေါင်းဆောင်လို့မသုံးဘဲ စီးပွားရေးခေါင်းဆောင်လို့သာ သုံးပါတယ်။ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် တို့ကို စီးပွားရေးခေါင်းဆောင်အဖြစ် ပါဝင်နိုင်အောင် စီစဉ်ထားပုံရပါတယ်။ မူရင်း ASEAN (၆) နိုင်ငံဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ ဘရူးနိုင် အပြင် သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်း၊ အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုးရီးယား တို့လည်း APEC တည်ထောင်ရာမှာ ပါဝင်ကြပါတယ်။ တရုတ်၊ ဟောင်ကောင် နဲ့ ထိုင်ဝမ် တို့ဟာ ၁၉၉၁ မှာ ပါဝင်လာပြီး ဗီယက်နမ် နဲ့ ရုရှားတို့ကတော့ ၁၉၉၈ ခုနှစ်မှာမှ ပါဝင်လာခဲ့ပါတယ်။


အစပိုင်းမှာ ဝန်ကြီးအဆင့် အစည်းအဝေးသာ ကျင်းပပါတယ်။ ၁၉၉၃ မှာ အမေရိကန်သမ္မတ Bill Clinton က စီးပွားရေးခေါင်းဆောင်များရဲ့ ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာအောင် ဖန်တီးလိုက်တာပါ။ လာမယ့် ၂၀၁၀ အထိ လူသစ်လက်မခံဖို့ ဆုံးဖြတ်ထားပါတယ်။

အာရှ-ပစ္စီဖိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ပူးတွဲဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲဖြစ်တဲ့အတွက် ပါဝင်သူတွေဟာ တန်းတူရည်တူ ပွင့်ပွင့်လင်းလင်း ပြောဆိုကြပါတယ်။ ဆုံးဖြတ်ချက်ချပြီး လိုက်နာရတဲ့ သဘောတူချက်မျိုး မရှိပါဘူး။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံတကာ ကုန်သွယ်ရေးအဖွဲ့တွေမှာလို လိုက်နာရမယ့် စာချုပ်စာတမ်းမျိုး APEC ဆွေးနွေးရေးအဖွဲ့မှာ မရှိပါဘူး။ ဆွေးနွေးပွဲ တက်ရောက်သူတွေ အားလုံးလက်ခံမှသာ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ ဒါပေမဲ့ ဒီ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတာ မဟုတ်တဲ့အတွက် စိတ်မပါရင် မလုပ်ဘဲ နေနိုင်ပါတယ်။

APEC ဆွေးနွေးပွဲ စကတည်းက အဓိကထား ဆောင်ရွက်နေတဲ့ကိစ္စဟာ အကောက်ခွန်နဲ့ အခြားကုန်သွယ်ရေး အဟန့်အတားတွေကို နည်းနိုင်သမျှ နည်းအောင်လုပ်ပြီး ပြည်တွင်းစီးပွားရေးအားကောင်းလာအောင် ဆောင်ရွက်တာပါ။ အာရှပစ္စီဖိတ်ဒေသက စက်မှုစီးပွားရေးတွေမှာ ရှေ့နှစ်ကို နောက်ဆုံးထားပြီး အကောက်ခွန်ကင်းရှင်းစွာ လွတ်လပ်စွာ ကုန်သွယ်နိုင်၊ ရင်းနှီးမြုပ်နှံနိုင်ရမယ်လို့ ၁၉၉၄ က ရည်မှန်းခဲ့ကြပါတယ်။ ဖွံ့ဖြိုးစ နိုင်ငံတွေမှာတော့ ၂၀၂၀ ခုနှစ်မှာ ဒီအဆင့်ရောက်မယ်လို့ ခန့်မှန်းပါတယ်။

အကောက်ခွန်မရှိဘဲ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ကုန်သွယ်နိုင်မယ်၊ ရင်းနှီးမြုပ်နှံနိုင်မယ်ဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်တွေ ပေါ်ပေါက်လာမယ်လို့ APEC က ယုံကြည်ပါတယ်။ အဲဒီအခါမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အားကောင်းလာမယ်လို့ ဆိုပါတယ်။ အစိုးရက ချုပ်ချယ်ကန့်သတ်ရင် ကုန်ဈေးနှုန်းကြီးမြင့်ပြီး စီးပွားရေးလုပ်ငန်းမှာ တွက်ချေမကိုက်တာမျိုး ရှိလာနိုင်ပါတယ်။ အကောက်ခွန်ကင်းရှင်းပြီး လွတ်လပ်စွာ ကုန်သွယ်တာဟာ ကုန်ထုတ်စရိတ် သက်သာတဲ့အတွက် ဈေးနှုန်းကျဆင်းလာတဲ့အကျိုးကို အားလုံး ခံစားရတယ်လို့ APEC က မြင်ပါတယ်။

APEC ခေါ် အာရှပစ္စီဖိတ် (၂၁) နိုင်ငံရဲ့ စီးပွားရေးဟာ ကမ္ဘာမှာ တိုးတက်မှုနှုန်း အမြင့်မားဆုံး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) အတွင်း APEC ဒေသရဲ့ စုစုပေါင်း ကုန်သွယ်မှု ပမာဏဟာ (၄) ဆလောက် တိုးတက်လာတာတွေ့ရပါတယ်။ APEC ဒေသရဲ့ နိုင်ငံလုံးဆိုင်ရာ ထုတ်လုပ်မှုဟာ (၃) ဆ တက်လာပေမဲ့ APEC မဟုတ်တဲ့ ဒေသမှာတော့ (၁) ဆ ကျော်သာ တိုးပွားပါတယ်။ APEC ဒေသ တည်ထောင်စဉ်အခါက ကုန်သွယ်ရေး အဟန့်အတား (၁၇) ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ နောက် (၁၅) နှစ်ကြာတဲ့အခါမှာ (၅) ရာခိုင်နှုန်းအထိ ကျဆင်းသွားတာ တွေ့ရပါတယ်။

ဒါကြောင့် ရှေ့နှစ် ၂၀၁၀ ခုနှစ်မှာ အကောက်ခွန်ကင်းရှင်းတဲ့ APEC ကုန်သွယ်ရေးဒေသဟာ ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ APEC အဖွဲ့ဝင်အချင်းချင်း အကောက်ခွန်မဲ့ (၂) နိုင်ငံ ကုန်သွယ်ရေး သဘောတူချက်ပေါင်း (၃၀) ကျော် ပြုလုပ်နိုင်ခဲ့ပါတယ်။ APEC ဒေသရဲ့ ကုန်သွယ်မှု (၇၀) ရာခိုင်နှုန်းဟာ ဒေသတွင်း ရောင်းဝယ်မှုဘဲ ဖြစ်ပါတယ်။ ကုန်သွယ်မှုနှုန်း (၉) ရာခိုင်နှုန်းနီးပါး နှစ်စဉ် တိုးတက်နေတဲ့ သဘောပါ။

APEC ညီလာခံမှာ ဥရောပနိုင်ငံ ပါဝင်ခွင့်မရလို့ ASEM ခေါ် အာရှဥရောပညီလာခံကို ဥရောပအဖွဲ့က ၁၉၉၆ မှာ တီထွင်လိုက်ပါတယ်။ ဥရောပအခြေစိုက် စီးပွားရေးလုပ်ငန်းကြီးတွေ အရှေ့အာရှဈေးကွက်မှာ ကျက်စားနိုင်အောင် လမ်းခင်းပေးတာပါ။ ASEM အဖွဲ့မှာ EU ဥရောပအဖွဲ့၊ ASEAN အဖွဲ့၊ တောင်ကိုရီးယား၊ တရုတ် နဲ့ ဂျပန် ပါဝင်ပါတယ်။ ဒီအဖွဲ့မှာ ဗမာပါဝင်ဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး စကားများကြတဲ့အတွက် ဆုံးရှုံးနစ်နာမှုတွေ ရှိခဲ့ပါတယ်။

APEC ရုံးချုပ် စင်္ကာပူမှာ ဖွင့်လှစ်ထားတာကိုကြည့်ရင် ပွဲစားပွဲရုံ၊ စင်္ကာပူ ရဲ့ အရေးပါမှုကို ခန့်မှန်းနိုင်ပါတယ်။ စင်္ကာပူဟာ စီးပွားရေး လွတ်လပ်မှုအရှိဆုံးနေရာအဖြစ် နာမည်ရသလို ဗမာစစ်အုပ်စုနဲ့ မူးယစ်ဆေးမှောင်ခိုတွေရဲ့ မသမာငွေကြေးကို ထိန်းသိမ်းပေးရာနေရာအဖြစ်လည်း လူသိများပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG