သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား မြန်မာနိုင်ငံ လူ့အခွင့်အရေးအကြောင်း ပြောဖို့ရှိ


ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ အိုဘားမား ဟာ အမေရိကန်ပြည်ထောင်စုနဲ့ အာရှနိုင်ငံတွေရဲ့ ဆက်ဆံရေးကို ဘယ်လိုပုံစံနဲ့ ပြောင်းလဲချဉ်းကပ်မယ် ဆိုတာနဲ့ပတ်သက်လို့ ဒီနေ့မနက်မှာ မိန့်ခွန်းပြောဖို့ရှိသလို လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံအကြောင်း ထည့်သွင်းပြောဖို့ရှိတယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောပါတယ်။ သမ္မတ အိုဘားမား ဟာ အမေရိကန်သမ္မတ တာဝန်ယူပြီးတဲ့နောက်ပိုင်း အာရှကို ပထမဆုံး ထွက်တဲ့ ခရီးစဉ်မှာ ဂျပန် နိုင်ငံကို အရင်ဆုံး သွားရောက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ သမ္မတ အိုဘားမား ရဲ့ ခရီးစဉ်နဲ့အတူ လိုက်ပါသွားတဲ့ ဗွီအိုအေ သတင်းထောက် Paula Wolfson က တိုကျိုမြို့ကနေ သတင်းပေးထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက အစီရင်ခံထားပါတယ်။

အမေရိကန် သမ္မတ ဒီနေ့မနက်ပြောမယ့် မိန့်ခွန်းထဲမှာ နျူကလီးယားလက်နက် မပျံ့ပွားရေးကအစ ဥတုရာသီ အပြောင်းအလဲ အဆုံး၊ ကမ္ဘာတဝှမ်းက ကိစ္စရပ် အတော်များများကို ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှာဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတွေက ပြောကြပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ အထူးသဖြင့် မြန်မာနိုင်ငံ အကြောင်းကို ပြောမှာဖြစ်ပါတယ်လို့ အိမ်ဖြူတော်ရဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ရေးဆိုင်ရာ အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေးပုဂ္ဂိုလ် ဘဲန်ရုဒ်စ် (Ben Rhodes) က ပြောပါတယ်။ သမ္မတ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံအကြောင်းကို ထည့်သွင်းပြောဆိုဖို့ ရှိပေမယ့်လို့ တိဘက်ပြည်ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့တော့ တိုက်ရိုက် ရည်ညွှန်း ပြောဆိုဖို့ မရှိဘူးလို့ ဘဲန်ရုဒ်စ် က အရိပ်အမြွက် ပြောပါတယ်။

သမ္မတ အိုဘားမား ဟာ တရုတ်အစိုးရ ကျေနပ်အောင် တိဘက်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဦးစားမပေးတော့ဘဲ လေသံလျော့နေတာ တွေ့ရတယ်လို့ အကဲခတ်တွေက ဝေဖန်နေကြပါတယ်။

ဝါရှင်တန်မြို့တော်ကို မကြာခင်က လာရောက်ခဲ့တဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ကို သမ္မတ အိုဘားမား က မတွေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့်မိုလို့ အခုလို ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတ အိုဘားမား အနေနဲ့ ဒီ အာရှခရီးစဉ် အပြီး ပြန်လာတဲ့အခါ ဘုန်းတော်ကြီး ဒလိုင်းလားမား နဲ့တွေ့ဖို့ စီစဉ်ထားတဲ့အကြောင်း လာမယ့် အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့ ခရီးစဉ်မှာတော့ သမ္မတ အိုဘားမား တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ တိဘက်အရေးကို ဆွေးနွေးမှာ ဖြစ်ပါတယ်လို့ ဘဲန်ရုဒ်စ် က အခုလို ပြောပါတယ်။

"သမ္မတ က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဒလိုင်းလားမား နဲ့ တွေ့ဆုံဖို့ အခွင့်အလမ်းကို ရှေ့ရှုနေတာပါ။ တရုတ်နဲ့ တိဘက်တွေ အကြား ဆက်ဆံရေး ပြေလည်အောင် ကြိုးစားပြီးတော့ ဆွေးနွေးသွားမှာပါ။"

မစ္စတာ ရုဒ်စ် ဟာ သမ္မတ ရဲ့ ပြည်ပခရီးစဉ်အတွက် အရေးပါတဲ့ မိန့်ခွန်းတွေကို ကူညီရေးပေးနေသူ ဖြစ်ပါတယ်။ အီဂျစ် နိုင်ငံ၊ ကိုင်ရိုမြို့ ခရီးစဉ်တုန်းက သမ္မတ အိုဘားမား မွတ်စလင်ကမ္ဘာကို ပြောခဲ့တဲ့ မိန့်ခွန်းကိုလည်း ဘဲန်ရုဒ်စ် က ကူပြီး ရေးပေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မနက် တိုကျိုမှာပြောမယ့် မိန့်ခွန်းကို လာပြီး နားထောင်ကြဖို့အတွက် ဖိတ်ကြား ထားသူ တွေကတော့ ဂျပန်နိုင်ငံတဝှမ်း အနယ်နယ် အရပ်ရပ်ကအပြင် ဒေသတွင်းက စိတ်ဝင်စားသူတွေလည်း ပါဝင်တယ်လို့ ဘဲန်ရုဒ်စ် က ပြောပါတယ်။ သမ္မတ အနေနဲ့ ကမ္ဘာတဝှမ်း ဘုံ စိုးရိမ်မကင်း ဖြစ်ရတာတွေ၊ ဘုံ အန္တရာယ်တွေကို အာရုံစိုက် ပြောဆိုမှာ ဖြစ်တယ်လို့ မစ္စတာ ရုဒ်စ် က ရှင်းရှင်းလင်းလင်း ပြောပြပါတယ်။

ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်စေတဲ့ စွမ်းအင် ထုတ်လုပ်ရေး နည်းပညာတွေ အပါအဝင် မြောက်ကိုရီးယား နျူကလီးယား အရေး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာတွေကိုလည်း ပြောဆိုမှာ ဖြစ်တယ်လို့ အခုလို ဆိုပါတယ်။

"မြောက်ကိုရီးယား အရေးနဲ့ ပတ်သက်ပြီးတော့လည်း သမ္မတ အနေနဲ့ ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ရမှာပါ။ သမ္မတ လိုက်နာရမယ့် တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး ဒေသတွင်းမှာရှိတဲ့ ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့အတူ ကြိုးစားပြီးတော့ တွန်းအားပေးနေတာ ဖြစ်ပါတယ်။"

ကမ္ဘာတဝှမ်း စီးပွားရေးရာနဲ့ပတ်သက်လို့တော့ ဒီနေ့မနက် မိန့်ခွန်းမှာ ဂဃနဏ ပြောမှာမဟုတ်ဘဲနဲ့ တနင်္ဂနွေနေ့ကျရင် စင်္ကာပူနိုင်ငံမှာ ပြောမယ့် မိန့်ခွန်းထဲမှာတော့ ကုန်သွယ်ရေးနဲ့ စီးပွားရေးကို အဓိကထား ပြောဆိုမှာဖြစ်တယ်လို့ မစ္စတာ ရုဒ်စ် က ပြောပါတယ်။

APEC လို့ခေါ်တဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ညီလာခံမှာ ပစိဖိတ်ရပ်ဝန်းဒေသ နိုင်ငံ ၂၀ က ထိပ်သီးတွေနဲ့ သမ္မတ အိုဘားမား တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG