သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ စာပို့


ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအကျိုးအတွက် စစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းများနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတဲ့ စာတစောင်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဒီ မိတ္ထူစာတစောင်ကို အသံမလွှင့်ခင် အချိန်အနည်းငယ် အတွင်းမှာပဲ ရရှိခဲ့တာပါ။ ဒီစာနဲ့ ပတ်သက်တဲ့ သိရသမျှ အချက်အလက်တွေကိုတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

ဒီစာကတော့ - သို့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဆိုပြီးတော့ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့စွဲတပ်ထားတဲ့စာ ဖြစ်ပါတယ်။ အကြောင်းအရာကတော့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲ တင်ပြခြင်း ဆိုပြီးတော့ ရေးထားတာ တွေ့ရပါတယ်။

ပထမ စာပိုဒ်မှာတော့ - ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကို မစ္စတာ ကာ့တ် ကမ်ဘဲလ် ရောက်ရှိလာ တုန်းမှာ တွေ့ခွင့်ပေးတဲ့အတွက်ကြောင့် စစ်အစိုးရကို ကျေးဇူးတင်တဲ့အကြောင်း၊ ဒုတိယ စာပိုဒ်မှာကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သိရှိလိုတယ်ဆိုတဲ့ နိုင်ငံခြားက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို သိရှိနိုင်အောင် နိုင်ငံတော် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆိုတဲ့ အကြောင်း ဖော်ပြထားပါတယ်။

တတိယ စာပိုဒ်ကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးအဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော် အကျိုးရှိမယ့် လုပ်ငန်း တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ရေးထားပြီးတော့ စတုတ္ထ စာပိုဒ်မှာတော့ - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်း များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို ကျမ၏ နေအိမ်သို့ ဖိတ်ခေါ်တွေ့ဆုံ ဆွေးနွေးလိုပါသည်။ ကျန်းမာရေးအရ မိမိတို့ နေအိမ်အသီးသီးတွင်သာ နေထိုင်လျက်ရှိကြသော ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလွန်းတင် တို့ကို ၎င်းတို့၏နေအိမ် အသီးသီးသို့ သွားရောက် ဂါရဝပြု ကန်တော့ပြီး - နံပါတ် (၁) ဒုတိယဥက္ကဌ ဦးတင်ဦး၊ နံပါတ် (၂) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွှန့်ေ၀ တို့ ပါဝင်သော ဗဟိုအလုပ်အမှုဆောင် အဖွဲ့ စုံညီအစည်းအဝေးကို ကျမ၏နေအိမ်တွင် ကျင်းပရန် စီစဉ်ခြင်းနှင့် စပ်လျဉ်းပြီး သဘောတူညီချက် ရယူရေးကို စီစဉ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်လို့ ဖော်ပြထားပါတယ်။

နောက်ဆုံးစာပိုဒ်မှာတော့ - အဲဒီလို ဆွေးနွေးပြီးတဲ့နောက် ဒါဟာ နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စကို ဆွေးနွေး တိုင်ပင်ဖို့အတွက် နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ရဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံတင်ပြခွင့် ပြုပါရန် အထူး မေတ္တာ ရပ်ခံအပ်ပါသည်။ - ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။

ဒီစာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင်ဖြန့်ဝေလို့ ရရှိခဲ့တာ မဟုတ်တဲ့အတွက် ဒီစာဟာ အစစ်အမှန် ဟုတ် မဟုတ် authenticity နဲ့ ပတ်သက်ပြီးတော့သော်လည်းကောင်း၊ ဒီစာကို ကျနော်တို့ သတင်းအဖြစ် ထုတ်လွှင့်ခွင့် ရှိမရှိ ဆိုတာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကျနော် အခုပဲ ဆက်သွယ်မေးမြန်းပါတယ်။

ဦးဉာဏ်ဝင်းကတော့ ၁၁ ရက်နေ့ နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီး စာတစောင် ပေးပို့ထားတာ မှန်ကန် တယ် ဆိုတဲ့အကြောင်း၊ ဒီစာ ဟုတ်မဟုတ် အတိအကျ ဆိုတာတော့ သူမပြောနိုင်တဲ့အကြောင်း သတင်းမလွှင့်ခင်မှာဘဲ လွှင့်နိုင်ပါတယ်လို့ ပြောတဲ့အတွက် အခုလို ထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG