သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရဲ့ အင်တာနက်ရာဇဝတ်မှု တိုက်ဖျက်ရေး အစီအစဉ်သစ်အပေါ် စိုးရိမ်မကင်းဖြစ်


အီရန်ရဲတပ်ဖွဲ့အနေနဲ့ အင်တာနက် ရာဇဝတ်မှုကို ဖြိုခွင်းဖို့အတွက် ဌာနသစ်တခုကို ဖွဲ့စည်းမှာဖြစ်တယ်လို့ အီရန်အမျိုးသားရေး ဦးစီးချုပ်က ပြောလိုက်ပါတယ်။ အီရန်နိုင်ငံမှာ အင်တာနက် ရာဇဝတ်မှုတွေ တိုးများလာတာကြောင့် ဒါကို ရဲတပ်ဖွဲ့အနေနဲ့ သေသေချာချာ ဖြိုခွင်းနိုင်ဖို့အတွက် အခုလို ဖွဲ့စည်းရတာဖြစ်တယ်လို့ အီရန်ရဲချုပ် ဗိုလ်မှူးချုပ် အစ္စမေးလ် အမာဒီ မိုကာဒမ် (Esmail Ahmadi-Moqaddam) က ပြောခဲ့တာကို Iran Fars သတင်းအေဂျင်စီမှာ ကိုးကားဖော်ပြထားပါတယ်။

အင်တာနက်ပေါ်မှာ စော်ကားမော်ကားပြုတာမျိုးတွေ၊ မုသားစကားတွေ ဖြန့်ချိနေတာမျိုးတွေကို သည်းမခံဘဲ တိုက်ဖျက် သွားမယ်လို့ အင်တာနက် ရာဇဝတ်တွေကို ကိုင်တွယ်တဲ့ဌာနက ရဲအရာရှိက ပြောပါတယ်။ ဒါ့အပြင် အင်တာနက်ပေါ်မှာ နိုင်ငံရေးလှုပ်ရှားတာတွေကိုလည်း မျက်ခြည်မပြတ် ်စောင့်ကြည့်ဖို့ ၁၂ ဦးပါဝင်တဲ့ ကော်မတီအဖွဲ့တခုကို ဖွဲ့စည်းမှာဖြစ်တယ် လို့ ဆိုပါတယ်။

အခုလို အင်တာနက် ရာဇဝတ်ဌာန ဖွဲ့စည်းရတာဟာ အစိုးရအနေနဲ့ အင်တာနက်ကို အသုံးပြုပြီး အချင်းချင်းဆက်သွယ် သတင်းပေးလေ့ရှိတဲ့ အတိုက်အခံတွေကို ဖြိုခွင်းလိုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သုံးသပ်သူတွေက ယူဆပါတယ်။

အီရန်နိုင်ငံမှာ အဓိက အတိုက်အခံ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ မစ္စတာ မီးရ် ဟူစိန် မူဆာဗီ (Mir Hossein Mousavi) နဲ့ အရာတိုလာ မာဒီ ကရူဘီ (Ayatollah Mehdi Karrubi) တို့ရဲ့ ဝက်ဘ်ဆိုက် အပါအဝင် အတိုက်အခံ ဝက်ဘ်ဆိုက် တော်တော်များများကို အစိုးရက တရားမဝင် ကြေညာပြီး ပိတ်ပင်တားမြစ်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG