သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး သမ္မတ ခါဇိုင်း ဖိဖိစီးစီး လုပ်ဖို့လို


အာဖဂန်နစ္စတန်နိုင်ငံကို ပေးအပ်နေတဲ့ အရပ်ဘက် အကူအညီတွေကို ဆက်ပြီး လိုချင်တယ်ဆိုရင် သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) အနေနဲ့ အကျင့်ပျက် ခြစားမှုတွေကို နှိမ်နင်းမှုတွေ ပိုလုပ်သွားမှ ဖြစ်မယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

အာဖဂန်အစိုးရ အနေနဲ့ ရာဇဝတ်မှုဆိုင်ရာ အဓိက ခုံရုံးတခုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တခုတို့ ဖွဲ့စည်းပြီး ဆောင်ရွက်တာမျိုး သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက မြင်လိုတဲ့ အကြောင်းကိုလည်း ဝန်ကြီး ကလင်တန်က အမေရိကန်ရုပ်သံ ABC နဲ့ မေးမြန်းခန်းမှာ မနေ့တုန်းက ပြောဆိုခဲ့တာပါ။

အမေရိကန်ရဲ့ အရပ်ဘက် အကူအညီတွေ မှန်သမျှကို တာဝန်ယူမှုရှိတဲ့ အစိုးရ ဝန်ကြီးဌာနတွေကသာ ကိုင်တွယ်သွားမယ်ဆိုတဲ့ အာမခံချက်မျိုးကိုလည်း အမေရိကန်က လိုချင်တယ်လို့ ပြောလိုက်ပါတယ်။ မသမာတဲ့ အာဖဂန်အစိုးရ တာဝန်ရှိသူတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပြုသင့်ဘူးလို့လည်း ဆိုပါတယ်။

ဒီအတောအတွင်း အခြေခံ အခွင့်အရေးတွေ မရဘဲ ဖမ်းဆီးခံထားရသူတွေလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောဆိုနေကြသူတွေ အပါအဝင် ရာဂဏန်းချီတဲ့ ဖမ်းဆီးထားသူတွေကို ချုပ်နှောင်ထားနိုင်မယ့် အကျဉ်းထောင် အသစ်တခုကို အမေရိကန်စစ်တပ်က ထုတ်ဖော် ပြသလိုက်ပါတယ်။

အာဖဂန်နိုင်ငံက ဘာဂရမ် လေတပ်အခြေစိုက်စခန်းက ဒေါ်လာ သန်း ၆၀ တန် အကျဉ်းထောင်သစ်ကို ကြည့်ရှုဖို့ သတင်းထောက်တွေကို မနေ့တုန်းကပဲ အမေရိကန် စစ်တပ်က ဖိတ်ခေါ်ခဲ့တာပါ။

ဒီလို လာရောက် ကြည့်ရှုချိန်မှာ အကျဉ်းသားတွေ မရှိပေမဲ့ အခု အကျဉ်းထောင်သစ်ဟာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိအောင် အကျဉ်းသားတွေအတွက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ စီစဉ်ထားတယ်ဆိုပြီး တာဝန်ရှိသူတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG