သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွမ်ဘိုင်းတိုက်ခိုက်မှုနဲ့ ပတ်သက်သူ ၇ ဦး ပါကစ္စတန်မှာ ရုံးတင်


ပြီးခဲ့တဲ့နှစ်တုန်းက အိန္ဒိယနိုင်ငံမှာ လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရတဲ့ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှု ကိစ္စမှာ စီစဉ်ဆောင်ရွက်သူတွေ၊ ကူညီပံ့ပိုးသူတွေ စုစုပေါင်း လူ ၇ ဦးကို ပါကစ္စတန်မှာ တရားရုံးတင် စစ်ဆေးနေပါပြီ။ သံသယဖြစ်ဖွယ် တရားခံ အားလုံးကတော့ သူတို့မှာ အပြစ်မရှိဘူးလို့ ပြောနေပါတယ်။

ဗုဒ္ဓဟူးနေ့ကလုပ်တဲ့ အဲဒီ တရားခွင်ကိုတော့ မြို့တော် အစ္စလမ်မာဘတ်မြို့နဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ ရာဝါပင်ဒီ ရှိ လုံခြုံရေး တင်းကျပ်တဲ့ အကျဉ်းစခန်းတခုမှာ ပြုလုပ်သွားတာပါ။ တရားခွင်ဟာ တံခါးပိတ် စစ်ဆေးမှုဖြစ်ပြီး အသေးစိတ် ကိုလည်း တရားရေး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောတာ မရှိပါဘူး။

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ အတိုက်ခံရတာ တနှစ်ပြည့်တော့မယ့် အချိန်မှာပဲ သံသယဖြစ်ဖွယ် တရားခံ တွေကို ပါကစ္စတန်မှာ အခုလို တရားရုံးတင် စစ်ဆေးမှုတွေ ဖြစ်လာတာပါ။ တရားခံတွေကို အတင်းအကျပ် ဝန်ခံခိုင်းတာနဲ့ ပတ်သက်လို့ ပြင်ပဖိအားတွေအပေါ် တရားခံရှေ့နေဖြစ်သူက ဝေဖန် အပြစ်တင်ပါတယ်။

ပါကစ္စတန်ရဲ့ လွတ်လပ်တဲ့ တရားရုံးတွေကနေ ဒီလူတွေမှာ အပြစ်မရှိဘူးဆိုတာ အဆုံးအဖြတ် ပေးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ထားတယ်လို့လည်း တရားခံရှေ့နေဖြစ်သူက ပြောပါတယ်။ ဒီလူတွေကို စစ်ဆေးမယ့် အခုလာမယ့် တရားခွင်တွေဟာ ပါကစ္စတန်အနေနဲ့ ဒီ တိုက်ခိုက်မှုအပေါ် တာဝန်ရှိသူတွေကို ဘယ်လိုအရေးယူမလဲဆိုတဲ့ စမ်းသပ်ခံ သဘော ဖြစ်နေပါတယ်။

မွမ်ဘိုင်းတိုက်ခိုက်မှု အပေါ်မှာ ပါကစ္စတန် အခြေစိုက် စစ်သွေးကြွ အဖွဲ့တခုဖြစ်တဲ့ လက်ရ်ှကာ အီ တိုင်ဘာ အဖွဲ့မှာ တာဝန်ရှိတယ်လို့ အိန္ဒိယနဲ့ အမေရိကန် ပြည်ထောင်စုတို့က အပြစ်တင်ထားပါတယ်။ အခု တရားခံတွေထဲက ၂ ဦးဟာ မွမ်ဘိုင်းတိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူတွေ ဖြစ်တယ်လို့ အိန္ဒိယဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG