သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို Global Fund အကူအညီများ ပြန်ပေးမည်


အေ့ဒ်စ် (AIDS) ရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီ အဆုတ်နာ ရောဂါ ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် Global Fund အဖွဲ့ကြီးဟာ မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒါပေမဲ့ အကူအညီတွေ ထိရောက်ဖို့ လက်တွေ့ အသေးစိတ် ဆောင်ရွက်စရာတွေ အတွက်တော့ အာဏာပိုင်တွေနဲ့ ဆက်လက်ညှိနှိုင်း ဆောင်ရွက်စရာတွေ ရှိဦးမယ်လို့ Global Fund အဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိအားဖြင့်တော့ မြန်မာနိုင်ငံတွင်း ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် Global Fund ဟာ ဒေါ်လာ သန်း ၁၁၀ ထောက်ပံ့ ကူညီသွားဖို့ ရှိပါတယ်။ ရေရှည်အတွက်တော့ ဒေါ်လာ သန်း ၄၀၀ ကျော်အထိ အတည်ပြု လျာထားတယ်လို့ Global Fund အဖွဲ့ကြီးရဲ့ အကြီးတန်း ပြန်ကြားရေးအရာရှိ နာလင်း မာထာ (Nalin Mehta) က ဗွီအိုအေကို ပြောပါတယ်။ ၂၀၀၅ ခုနှစ်ကနေ လုပ်ငန်းတွေ အထောက်အပံ့တွေ ရပ်ဆိုင်းခဲ့တဲ့ Global Fund အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတွေကိုရော လိုအပ်ချက်တွေပါ ထည့်သွင်းစဉ်းစား သုံးသပ်ပြီး အခုလို အကူအညီတွေ ပြန်ပေးဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“အစိုးရပိုင်းက တာဝန်ရှိသူတွေရယ် လူထုအခြေပြု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေရယ် ကုလသမဂ္ဂ အေဂျင်စီက တာဝန်ရှိသူတွေ ပါဝင်တဲ့ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကနေ မြန်မာနိုင်ငံတွင်း ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် ကုန်ကျမယ့် ငွေကြေးရန်ပုံငွေကို ကျနော်တို့ Global Fund ကို တောင်းခံခဲ့ပါတယ်။ ဒီ တောင်းခံချက် ပန်ကြားမှုကို လူထု ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ လွတ်လပ်တဲ့ အဖွဲ့ကနေ အသေအချာ စဉ်းစားသုံးသပ်ပါတယ်။

“နိုင်ငံအလိုက် ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ကနေ ရန်ပုံငွေ တောင်းခံမှုတွေကို လွတ်လပ်တဲ့ ကျွမ်းကျင်သူ အဖွဲ့ကနေ သုံးသပ်စဉ်းစားတာ Global Fund ရဲ့ လုပ်ထုံးလုပ်နည်း တခုပါပဲ။ အဲဒီအဖွဲ့ကနေ အကြံပေးချက်တွေအတိုင်း Global Fund အုပ်ချုပ်ရေးအဖွဲ့ကနေ မြန်မာနိုင်ငံကို အခုလို ပြန်ပြီး အကူအညီတွေပေးဖို့ ဆုံးဖြတ်လိုက်တာပါ။”

မြန်မာနိုင်ငံတွင်း သွားလာမှု အကန့်အသတ်တွေနဲ့ အခြား တင်းကျပ်မှုတွေကြောင့် Global Fund အဖွဲ့ကြီးအနေနဲ့ သူတို့လုပ်ငန်းတွေအပေါ် ပြန်မသုံးသပ်နိုင်တဲ့ အခြေအနေ ဆိုက်ရောက်ပြီး ၂၀၀၅ ခုနှစ်မှာ မြန်မာနိုင်ငံတွင်း အကူအညီတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ အခု အကူအညီတွေ ပြန်ပေးမယ်ဆိုတော့ ဒီလို အကန့်အသတ်တွေကို ကျော်လွှားနိုင်ပါ့မလား စဉ်းစားစရာပါ။

ဒီအတွက်တော့ Global Fund အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆွေးနွေးရဦးမှာဖြစ်ပြီး အကူအညီတွေ ရောက်မရောက် သုံးသပ်ခွင့်ရဖို့၊ လိုအပ်သူတွေထံကို ထိထိရောက်ရောက် ပံ့ပိုးကူညီနိုင်ဖို့ Global Fund စံထား သတ်မှတ်ချက်တွေကိုတော့ အလျှော့ပေးနိုင်မှာ မဟုတ်ဘူးလို့ နာလင်း မာထာက ပြောပါတယ်။

“အခုအခြေအနေက အကူအညီတွေပေးဖို့ ရန်ပုံငွေ အတည်ပြုပေးလိုက်တဲ့ အဆင့်ပါ။ အကူအညီတွေပေးဖို့ အပြန်အလှန် သဘောတူညီချက် မရသေးပါဘူး။ သဘောတူညီချက် လက်မှတ်ထိုးဖို့ ညှိနှိုင်းမှုတွေကိုတော့ Global Fund နဲ့ အာဏာပိုင်တွေ အကြားမှာ နောက်အပတ်မှာ စပြီး ဆွေးနွေးဆောင်ရွက်သွားဖို့ ရှိပါတယ်။ Global Fund မှာရှိတဲ့ တင်းကျပ်တဲ့ မူဝါဒကတော့ ဒီရန်ပုံငွေတွေနဲ့ ရောဂါတိုက်ဖျက်ရေး လက်တွေ့ အကောင်အထည်ဖော်တဲ့ အပိုင်းမှာ ထိရောက်မှု ရှိဖို့ပါ။ ဒီအချက်ကိုတော့ ကျနော်တို့ ဘယ်လိုမှ အလျှော့ပေးမှာ မဟုတ်ပါဘူး။”

Global Fund ရန်ပုံငွေကြေးတွေ သုံးစွဲဖို့ကို အဓိကထား အကောင်အထည်ဖော်မယ့် အဖွဲ့ဖြစ်တဲ့ Coordination Mechanism ညှိနှိုင်းဆောင်ရွက်မှု အဖွဲ့ထဲမှာတော့ မြန်မာအာဏာပိုင်တွေထဲက ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေ ပါဝင်သလို ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အေဂျင်စီက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။ ဒါ့အပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်သလို အစိုးရအဖွဲ့တပိုင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွေက တာဝန်ရှိသူတွေလည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ရန်ပုံငွေ သုံးစွဲမှုတွေကိုတော့ Global Fund ကပဲ စောင့်ကြပ် ကြည့်ရှုသွားမှာ ဖြစ်တာကြောင့် ဒီလိုလုပ်နိုင်ဖို့ လုပ်ငန်းတွေ အကောင်အထည် ဖော်နေတဲ့ ဒေသတွေအထိ သွားရောက်စစ်ဆေးခွင့်၊ သတင်းအချက်အလက် ရယူခွင့်တွေ ရဖို့ Global Fund ဘက်က လိုလားနေပါတယ်။ ဒါမှလည်း သူတို့အနေနဲ့ တကယ့် ရန်ပုံငွေ လိုအပ်ချက် အတိုင်းအတာကို အကဲဖြတ်နိုင်မယ်လို့ မစ္စတာ နာလင်း မာထာက ပြောပါတယ်။

၂၀၀၅ ခုနှစ် Global Fund အဖွဲ့ကြီး လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်စဉ်တုန်းကတော့ ထောက်ခံသူတွေ ရှိသလို အချို့ကတော့ ဒါဟာ နိုင်ငံရေးပယောဂ ပါတယ်ဆိုပြီး ဝေဖန်သူတွေ၊ မကြိုက်သူတွေလည်း ရှိပါတယ်။ Global Fund ထွက်သွားတဲ့နောက် ဥရောပနိုင်ငံအချို့က ကြီးမှူးပြီး ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် 3D Fund ဆိုပြီး ရန်ပုံငွေအဖွဲ့ မတည်ခဲ့ပါတယ်။

လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ မြန်မာနိုင်ငံမှာ တီဘီ၊ အေ့ဒ်စ်၊ ငှက်ဖျား ဒီရောဂါ သုံးမျိုးလုံးဟာ ကျယ်ကျယ်ပြန့်ပြန့် မထိန်းနိုင် မသိမ်းနိုင် ပျံ့နှံ့နေတာမို့ ဒီရောဂါတွေ တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် အခုလို နိုင်ငံတကာ အကူအညီတွေကို ပိုလို့ မျှော်လင့်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG