သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်စု တွေ့ဆုံခွင့်ရမယ်လို့ NLD မျှော်လင့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံလိုကြောင်း မေတ္တာရပ်ခံတဲ့စာ ပေးပို့တဲ့ကိစ္စကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာပါ မေတ္တာရပ်ခံချက်တွေကို ဗိုလ်ချုပ်မှူးကြီးက လိုက်လျောလိမ့်မယ်လို့လည်း NLD ဘက်က ယုံကြည်နေပါတယ်။ ဒီအကြောင်း အသေးစိတ်နဲ့ ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းပြီး ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး အဲဒီသဘောတူညီချက် အတိုင်း ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံခွင့်ပြုဖို့ မေတ္တာရပ်ခံစာတစောင် ပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က မနက်ဖြန် သတင်းထုတ်ပြန်ဖို့ သဘောတူလိုက်ပြီး ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးက ဒါကို သတင်းထုတ်ပြန်ဖို့ သဘောတူပါပြီ။ ကျနော်တို့ မနက်ဖြန်ကိုပဲ ထုတ်ပါမယ်။”

ဒီလို တွေ့ဆုံဖို့ မေတ္တာရပ်ခံချက်အပေါ် အပြုသဘောနဲ့ တုံ့ပြန်လာလိမ့်မယ်လို့လည်း NLD ဘက်က လုံးဝ မျှော်လင့်နေပါတယ်။ တချိန်တည်းမှာပဲ ဒီလို ပေးစာကို လူသိရှင်ကြား ထုတ်ပြန်တဲ့အတွက် စစ်အစိုးရဘက်က ဒါကို နှစ်သက်ပါ့မလား ဆိုတာလည်း မေးစရာ ဖြစ်နေပါတယ်။ ဦးဉာဏ်ဝင်းကတော့ ဒီကိစ္စကို အလေးအနက် ထည့်သွင်းစဉ်းစားပြီး အခုလို အချိန်ကိုက် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အတွေ့အကြုံအရ Sanction ကိစ္စမှာ ကျနော်တို့ ၂၆ ရက်နေ့မှာ ပို့တယ်။ ၁ ရက်နေ့မှာ ရတယ်လို့ ဆက်ဆံရေးဝန်ကြီးက ပြောခဲ့တယ်။ အဲဒီကြားထဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒါကို ထုတ်ပြန်ခဲ့တယ်လို့ ဒီလိုပြောထားတယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင်လို့ ကျနော်တို့ အခုလို ရက်ပိုင်း၊ အချိန်ပိုင်း ကန့်သတ်ပြီးတော့ ထုတ်ပြန်ဖို့ စဉ်းစားရခြင်း ဖြစ်ပါတယ်။”

အဲဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ဆိုတာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ကာ့တ် ကမ်းဘဲလ် (Kurt Campbell) လာပြီးနောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွေနဲ့ တွေ့ခွင့်ပေးမယ် ဆိုတဲ့အထဲမှာ ဦးတင်ဦး မပါလို့ ဒေါ်အောင်ဆန်းစုကြည်က မတွေ့နိုင်ဘူးလို့ ပြောခဲ့ပါတယ်။ ဆိုတော့ ဒီတကြိမ်မှာ မေးခွန်းနှစ်ခုက စစ်အစိုးရကရော ဦးတင်ဦးကို ပါဝင်တွေ့ခွင့် ပေးမလား၊ ဦးတင်ဦး မပါခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံနိုင်ဘူး ဆိုတာမျိုး ဖြစ်လာဦးမလား။

“ကျနော်တို့ဘက်က စဉ်းစားတဲ့ အချက်ကတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌပါ။ ဦးတင်ဦး ဗဟိုအလုပ်အမှုဆောင်မှာ ပါရေး မပါရေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဒီစာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပဖို့ ရည်ရွယ်တဲ့ အစည်းအဝေး တက်ရောက်မယ့် ပုဂ္ဂိုလ်တွေ အမည်နာမပါ သီးခြား ဖော်ပြထားပါတယ်။ ဒါက ကျနော်တို့ အဖွဲ့ချုပ်ရဲ့ စဉ်းစား ဆုံးဖြတ်ပိုင်ခွင့်ပဲလို့ ဒီလို ယူဆပါတယ်။”

ဟိုဘက်က ဒီကိစ္စကို လက်ခံနိုင်လိမ့်မယ်လို့ ဆရာ ထင်ပါသလား။ တကယ်လို့ လက်မခံခဲ့ရင်ရော ဒီဘက်က ဘယ်လို တုံ့ပြန်မလဲခင်ဗျ။

“ကျနော်တို့ကတော့ လက်ခံနိုင်မယ်လို့ လုံးဝ ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ Reason က တကယ့်ကို မျှမျှတတ၊ မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်တဲ့ Reason ဖြစ်တယ်လို့ ဒီလိုပဲ ယူဆထားတယ်။”

နောက်တခုက ပထမအဆင့် လက်ဆုပ်လက်ကိုင် တိုးတက်မှုတခု ပြနိုင်တဲ့ဟာကို လူတိုင်း မျှော်လင့်ကြတဲ့ အထဲမှာ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးကို လူတွေက အထူးစိတ်ဝင်စားပါတယ်။ ဒါဟာ အဓိက အချိုးအကွေ့ ဖြစ်စေမယ့် လုပ်ရပ်လို့ မြင်ပါတယ်။ NLD ကရော ဒီလိုယူဆပါသလား၊ အဲဒီလို ဖြစ်မယ်လို့ရော ထင်ပါသလား။

“အသေအချာ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံနဲ့ ပြည်သူလူထု အကျိုးကို ဆောင်မယ့် ပုဂ္ဂိုလ် ဖြစ်တဲ့အတွက် ဒီပုဂ္ဂိုလ်ဟာ သူ့ရဲ့ပါတီဖြစ်တဲ့ အဖွဲ့ချုပ်ကိုလည်း ကိုင်တွယ်နိုင်ရမယ်။ ဒီဟာက အရေးကြီးတဲ့ ကိစ္စတရပ်လို့ ပြောချင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆိုတဲ့ သဘောမျိုး ဆက်ထားပြီးတော့ ဆွေးနွေးမှု ရှေ့ကို ဆက်လက် တိုးတက်သွားနိုင်မယ်လို့ မထင်ဘူးပေါ့။

“ကျနော် ဒီလို မဆိုလိုဘူးဗျ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က အကန့်အသတ်နဲ့ လွတ်လပ်မှုတွေ ရှိလာမယ်။ မျိုးစုံပေါ့နော်၊ ဖြစ်နိုင်ခြေတွေက အများကြီးပါ။ ဘယ်လိုအဆင့်ပဲဖြစ်ဖြစ် ကျနော်တို့က အပြုသဘောနဲ့ လက်ခံစဉ်းစား ဆုံးဖြတ်သွားမှာပါ။”

ဒီလို ဗိုလ်ချုပ်မှူးကြီးနဲ့ တွေ့ဆုံဖို့ မေတ္တာရပ်ခံတယ်ဆိုတဲ့ စာတစောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ် ရေးထိုးထားတာကို ဗွီအိုအေက စနေနေ့က လက်ခံရရှိခဲ့တဲ့ အတွက်ကြောင့် ဒါဟာ တကယ်ဟုတ်နိုင်၊ မဟုတ်နိုင် စုံစမ်းပြီး သတင်းထုတ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဗိုလ်ချုပ်မှူးကြီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ မေတ္တာရပ်ခံစာ ပေးပို့တာဟာ ဦးဉာဏ်ဝင်း သိရှိရသမျှဆိုရင် အခုအကြိမ်ဟာ ပထမဆုံး ဒီလိုရေးသားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG