တရုတ်နိုင်ငံကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ဘေဂျင်းမြို့တော်မှာ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒီနေ့ အစောပိုင်းတုန်းကတော့ ရှန်ဟိုင်းမြို့မှာ တရုတ်တက္ကသိုလ် ကျောင်းသားတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး နိုင်ငံရေး၊ ဘာသာရေးလွတ်လပ်ခွင့် စတဲ့ အကြောင်းအရာစုံကို အပြန်အလှန် မေးခွန်းထုတ် ဆွေးနွေးခဲ့ပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာတော့ သမ္မတ အိုဘားမားဟာ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ကုန်သွယ်ရေးအပြင် မြောက်ကိုရီးယားနဲ့ အီရန်အရေး၊ ရာသီဥတု ပြောင်းလဲရေး စတဲ့ ကိစ္စရပ်တွေကိုပါ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။
လူ့အခွင့်အရေး အကြောင်းကိုလည်း မစ္စတာ အိုဘားမားက တိုးတိုးတိတ်တိတ် ပြောလိမ့်မယ်လို့ အိမ်ဖြူတော်က သူ့ရဲ့ အကြံပေးတွေက ပြောပါတယ်။
ရှန်ဟိုင်းမှာ ကျောင်းသားတွေနဲ့ တွေ့ဆုံစဉ်မှာတော့ လူ့အခွင့်အရေးကိစ္စကို သမ္မတ အိုဘားမား ပြောခဲ့ပါတယ်။ နိုင်ငံတခုမှာ ကျင့်သုံးနေတဲ့ စနစ်ကို နောက်နိုင်ငံတခုမှာ အတင်း သွတ်သွင်းတာမျိုး မလုပ်သင့်ဘဲ တနိုင်ငံနဲ့ တနိုင်ငံ အပြန်အလှန် လေးစားသင့်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေလို့ အမေရိကန် ပြည်သူတွေ လက်ခံထားတဲ့ ကိစ္စတွေကိုတော့ သူ့အနေနဲ့ ထုတ်ဖော်ပြောမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။