သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်သင်္ဘော တိမ်းမှောက်ရာမှာ အလောင်း ၃၃ လောင်း ရှာတွေ့


ဧရာဝတီတိုင်း ပုသိမ်မြို့အနီး ခရီးသည်တင်သင်္ဘော တိမ်းမှောက်ရာ သေဆုံးခဲ့တဲ့ အလောင်း ၃၃ လောင်းကို ရှာဖွေတွေ့ရှိထားပြီး ပိုင်ရှင်မဲ့ အလောင်းတွေကိုတော့ ဒီကနေ့ သဂြုႋဟ်ခဲ့ပါတယ်။ ဒီလို တိမ်းမှောက်တာဟာ ရေကြောင်းလုရင်း တိုက်မိတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမဲ့ အာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။ သင်္ဘောတိမ်းမှောက်တာနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရှိရတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ပုသိမ်မြို့ကနေ သက္ကယ်သောင်ရွာကိုသွားတဲ့ နေမျိုးထွန်းကြီးခေါ် ခရီးသည်တင် သင်္ဘောဟာ ဆီတင်ကုန်သင်္ဘောနဲ့ ရှမ်းငူရွာအနီးမှာ တနင်္ဂနွေနေ့ ည ၈ နာရီ လောက်က တိုက်မိပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။ သင်္ဘောချင်း တိုက်မိချိန်မှာ နေမျိုးထွန်းကြီးခေါ် ခရီးသည်တင် သင်္ဘောပေါ်မှာ ခရီးသည် ၁၇၀ ကျော် ပါဝင်ခဲ့ပြီး ယနေ့အထိတော့ သေဆုံးသူ ၃၃ ယောက်ရဲ့ အလောင်းတွေကို ရှာတွေ့ထားပြီလို့ ပုသိမ်မြို့ခံတယောက်က ပြောပါတယ်။

“မနေ့က ညနေအထိက ၃၃ လောင်းရပြီ၊ မနေ့က ည ၈ နာရီအထိက။ မနေ့ကညနေ တွေ့တာက မိန်းမ ၂ ယောက်၊ ယောက်ျားတယောက်။ နောက်တခါတွေ့တာက ယောက်ျား ၈ ယောက်၊ မိန်းမ ၂၃ ယောက်။ ယောက်ျား ၉ ယောက်ပေါ့။ ၃၃ လောင်းပေါ့၊ မနေ့ညအထိ တွေ့ထားတာ။ ငပုတောမြို့နယ် ရဲတပ်ဖွဲ့မှူးကတော် တယောက် အဲဒီထဲမှာ ပါတယ်။ ရဲသားသမီး တယောက် နှစ်ယောက် ပါတယ်။ ကျန်တဲ့လူတွေက ကျုံပျော်၊ ဟင်္သာတဘက်က အလုပ်သမားတွေ များတယ်။ ဆားလုပ်ငန်းခွင် ဝင်ဖို့ သွားတဲ့သူရယ်၊ ကောက်ရိတ်မယ့် လူရယ်။”

သင်္ဘောချင်း တိုက်မိပြီးတဲ့နောက်မှာ အနီးအနားက ရွာသားတွေက ကယ်တင်ခဲ့တာကြောင့် လူ ၁၂၀ ကျော်လောက် ရှမ်းငူရွာကို ရောက်ရှိလာခဲ့ပြီး လူ ၄၀ ကျော် ပျောက်ဆုံးနေခဲ့ပါတယ်။

လက်ရှိ ရရှိထားတဲ့ အလောင်းတွေဟာ နစ်မြုပ်သွားတဲ့ သင်္ဘောအတွင်းက ဆယ်ယူထားတာဖြစ်ပြီး မြစ်ထဲ မျောပါသွားသူတွေလည်း ကျန်ရှိနေနိုင်သေးတယ်လို့ ပုသိမ်မြို့ခံက ပြောပါတယ်။ ဆယ်ယူရရှိတဲ့ အလောင်းတွေထဲက ဆွေမျိုးသားချင်းတွေ လာမယူတဲ့ အလောင်းတွေကို ဒီကနေ့ ရှမ်းငူရွာ သုသာန်မှာ သဂြုႋဟ်မှာ ဖြစ်ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ ပတ်သက်ပြီး ပုသိမ်ဆိပ်ကမ်းက ရဲစခန်းကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ ဒီနေ့အထိ အလောင်း ၃၀ ကျော် ရရှိတယ်ဆိုတာကို အတည်ပြုပေမဲ့ အတိအကျတော့ မပြောပါဘူး။

တနင်္ဂနွေနေ့ညက သင်္ဘောချင်း တိုက်မိတဲ့ အခြေအနေကိုတော့ ပုသိမ်မြို့ခံက အခုလို ဆက်ပြောပြပါတယ်။

“ဒီနေရာ သင်္ဘောတိုက်သွားတဲ့ နေရာက သောင်တွေရှိတယ်ဗျ။ သောင်ကို ကွေ့ရှောင်ရင်းနဲ့ လမ်းလုရင်းနဲ့ တိုက်တဲ့သဘောဗျ။ ဝဲပြန်တွေရှိတယ်၊ သောင်တွေရှိတယ်။ အဲဒီမှာ ပတ် ပက်မောင်းရင်း ဟိုဘက်ကလည်းလု၊ ဒီဘက်ကလည်း လုရင်း တိုက်ထည့်လိုက်တာဗျ။ မီးပါတယ် ပြောတယ်။ မီးပါလျက်သားနဲ့ကို လမ်းလုတာ သူတို့တွေက။ နှစ်ဘက်စလုံး သွားနေတဲ့ သင်္ဘောပဲ။ ဟိုဘက်ကလည်း ကျောက်ချထားတယ်ဆိုတာ မဟုတ်ဘူး။ သွားနေတာ။ ဟိုဘက်လည်း မောင်းတယ်၊ ဒီဘက်လည်း မောင်းတယ်။ ပြိုင်မောင်းနေကြတာ၊ မျက်နှာချင်းဆိုင် မောင်းနေတာ။”

အခုလို သင်္ဘောတိုက်တာနဲ့ ပတ်သက်ပြီး ပုသိမ်ဆိပ်ကမ်း အာဏာပိုင်တွေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ အခုအခါမှာတော့ ပုသိမ်မြို့က အာဏာပိုင်တွေက ခရီးသည်တင် သင်္ဘောတွေ ညဘက်သွားလာတာကို ပိတ်ပင်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG