သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တွေ့ဆုံဆွေးနွေးကြမလား?


အခုလက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဗိုလ်ချုပ်ကြီးသန်းရွှေ ကို စာရေးပေးပို့ပါတယ်။ ပထမတကြိမ်မှာ မြန်မာနိုင်ငံအပေါ်မှာ အနောက်နိုင်ငံ တချို့ရဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှုကို ပြန်လည်ရုပ်သိမ်းဖြစ်အောင် သူမအနေနဲ့ ကူညီဆောင်ရွက်လိုတယ်။ အဲဒီအတွက် ပံ့ပိုးကူညီပါ လိုအပ်သလိုဆိုတော့ စစ်အစိုးရဘက်က လိုက်လျောတာတွေ ရှိခဲ့ပါတယ်။ ဒုတိယစာထဲမှာတော့ သူရဲ့ CEC အဖွဲ့တွေကို သူအိမ်မှာ ခေါ်ယူဆွေးနွေးပြီးတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ သူကိုယ်တိုင်း တွေ့ဆုံပြီးတော့ ဆွေးနွေးပါရစေလို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ တချို့သောလူတွေက သိပ်ပျော့ပျောင်းလွန်တယ်လို့ သုံးသပ်သူတွေလည်း ရှိကြပါတယ်။ တချို့က ကြိုဆိုတဲ့လူတွေလည်း ရှိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့စာ၊ စစ်အစိုးရရဲ့ တုံ့ပြန်ုလုပ်ဆောင်နေမှု အလားအလာ၊ အခြေအနေများကို ထိုင်းနိုင်ငံအခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ တာဝန်ခံ ဦးဇင်လင်း နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။


ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးအနေနဲ့ ဆရာဇင်လင်း အနေနဲ့ မြန်မာ့အရေးကို လေ့လာသုံးသပ်နေသူ၊ နိုင်ငံတကာ စာစောင်တွေမှာလည်း ဆရာရေးနေတဲ့ ဆောင်းပါးတွေကို ဖတ်ရပါတယ်။ ဆရာအနေနဲ့ ဘယ်လိုသုံးသပ်လိုပါသလဲ။ ဆရာရဲ့ ပုဂ္ဂိုလ်ရေးအမြင်။

ဦးဇင်လင်း ။ ။ အမှန်အတိုင်း ကျနော်တို့ သုံးသပ်ရရင် ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပကတိ အသွင်သဏ္ဍာန်ကို နိုင်ငံတကာကရော၊ ပြည်တွင်းကရော လူတွေအားလုံး မြင်သာထင်သာတဲ့ ကိစ္စတခုဖြစ်ပေါ်လာတယ်လို့ ဒီလို ပြောနိုင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အာဏာပိုင်များရဲ့ သတင်းစာတွေမှာ ဝါဒဖြန့်ချီချက်တွေက ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာတယ်၊ ထိပ်တိုက်တွေ့ဆုံရေးကိုပဲ ပြုလုပ်တယ်ဆိုတာတွေအပြင် sanction စီးပွားရေး ဒဏ်ခတ်ပိတ်စို့ထားမှုကလည်း ဒေါ်အောင်ဆန်းစုကြည်ကဘဲ လုပ်ထားသရောင်ရောင် သူတို့သတင်းစာတွေမှာ ရေးကြ တာတွေ ရှိတယ်။ ဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီစာထွက်လာတာ၊ ဒီစာ မထွက်လာခင်ကလည်း ပထမ တစောင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားပျော့ပျောင်းမှုကို တွေ့ထားရပြီဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာကတော့ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်မှန်တဲ့သဘောထားကို ပြည်သူတွေ ကမ္ဘာက လူတွေ သိလာနိုင်တယ်ဆိုတယ်လို့ ဆရာဦးဇင်လင်း က ဆိုပါတယ်။ ကိုအောင်မိုးဇော်ရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ထံ စာရေးတာတွေနဲ့ ပတ်သက်ပြီးတော့။

ဦးအောင်မိုးဇော် ။ ။ အခြေခံအားဖြင့်တော့ ဦးဇင်လင်း ပြောတာကို အခြေခံအားဖြင့် သဘောတူပါတယ်။ အခု လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် စာနှစ်စောင်ရေးတယ်။ ရေးတဲ့အတွက်လည်း ကျိန်သေတာက ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေဘက်က ဒီမိုကရေစီခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံ ဆွေးနွေး လိုမှု ဆန္ဒရှိတယ်၊ တိုင်းပြည်ပြဿနာတွေကို အေးအေးချမ်းချမ်း ဖြေရှင်းလိုတဲ့ဆန္ဒရှိတယ်လို့ ဆိုတာကို ကျနော်တို့ တကမ္ဘာလုံးသိအောင် ဖော်ပြလိုက်တာဖြစ်တယ်လို့ ကျနော်အနေနဲ့ အဲဒီလို ယူဆတယ်။ တကယ်တော့ အခု ဒီကိစ္စကို အဖြေ ပေးရမှာက နအဖ ပဲဖြစ်တယ်လို့ ကျနော်ထင်တယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ နအဖဘက်က ဘယ်လိုအဖြေပေးလာလိမ့်မယ်လို့ မျှော်လင့်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခုအချိန်အထိတော့ နအဖဘက်က တွေ့ဆုံဆွေးနွေးလိုတဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုတာ ပြတယ်လို့ ကျနော်တော့ အခုအချိန်အထိ မတွေ့သေးဘူး။ မနေ့တနေ့က ကျနော်တို့ စစ်မှုထမ်းဟောင်းများ ညီလာခံမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိန့်ခွန်းကို ကြည့်ပါ။ သူတို့ရဲ့ တဘက်သတ်လုပ်ထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကို သူတို့လုပ်မယ်ဆိုတာကို တိတိကျကျ ပြောသွားတာရှိတယ်။ ယနေ့အချိန်အထိလည်း အမေရိကန် ပြည်ထောင်စုအပါအဝင် မနေ့တနေ့ကသွားခဲ့တဲ့ အမေရိကန် delegation အပါအဝင်၊ အာဆီယံ (ASEAN)၊ အေပတ် (APEC) မှာလည်း နိုင်ငံတကာခေါင်းဆောင်တွေ ပြောသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ပြန်လွှတ်ပေးဖို့ကိစ္စတွေနဲ့ ပတ်သက်လို့။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ကိစ္စ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိစ္စ၊ တွေ့ဆုံဆွေးနွေးရေး လုပ်လိုတဲ့ အရိပ်အယောင်ကတော့ နအဖဘက်က မပြသေးတာ အမှန်ဘဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဆရာဇင်လင်း ဘယ်လိုသဘောရပါသလဲ။ ကျနော်ကတော့ အခုန ကိုအောင်မိုးဇော် ပြောတဲ့ ဒီဟာ ဒီဟာတွေ မတွေ့ရသေးဘူး၊ လွှတ်ပေးရေး ဘာညာမတွေ့ရသေးဘူးဆိုတာ။ ဒါက အကျိုးတရားတွေ မဟုတ်ဘူးလား။ တကယ် ဆွေးနွေးလို့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ တွေ့ခွင့်ရပြီးလို့ ဆွေးနွေးတဲ့အခါမှာ ပေါ်ထွက် လာရမယ့် အကျိုးရလဒ်တွေ မဟုတ်ဘူးလား။ အဲဒါတွေကို အရင်ပြသဖို့လိုတယ်လို့ ဆရာက ထင်ပါသလား။

ဦးဇင်လင်း ။ ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူဘက်က သဘောထား ပျော့ပျောင်းမှု၊ သဘောထားကြီးမှုတွေ ပေါ်လွင်နေပြီ။ အဲဒီတော့ ဒီကနေ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ဖြေကြားရမှာက စစ်အစိုးရဘက်က ဖြစ်တယ်လို့ ယူဆတယ်။ အခုလက်ရှိအခြေအနေအရကော အခုန ကိုအောင်မိုးဇော် ပြောတဲ့အတိုင်း စစ်မှုထမ်းဟောင်း ညီလာခံတုန်းက ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ပြောခဲ့တဲ့စကားရယ်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ, ပဲ ပြီးခဲ့တဲ့ အမျိုးသားနေ့ သဝဏ်လွှာ မှာလည်း ဒီသဘောထားပဲ ထပ်ပြီးတွေ့ရတယ်။ အဲဒါအပြင်မှာလည်း တကယ်အဆုံးအဖြတ် ပေးနိုင်တဲ့ပုဂ္ဂိုလ်က အရေးကြီး တဲ့ နိုင်ငံခြား mission တခုလာတဲ့ အချိန်အခါမှာ ရှောင်ထွက်သွားတာရယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ဘက်က သဘောထား ကတော့ နိုင်ငံရေးအရ မပျော့ပျောင်းသေးဘူးလို့ မြင်နေရတယ်။ Sanction ရုပ်ဖို့လောက်ပဲ သူတို့ ဖြစ်ချင် နေပုံ ရတယ်။ သဘောထားပျော့ပျောင်းမှု တစုံတရာ မတွေ့ရသေးဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယစာကို လက်ခံမရရှိခင်ပေါ့။ ဒုတိယစာ ရပြီးတဲ့အခါမှာရော တွေ့ဆုံဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အတိုင်း ဖြစ်လာနိုင်ပါသလား။

ဦးဇင်လင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စစ်အာဏာပိုင်များဘက်က သဘောထားက တစုံတရာ ပြောင်းလဲလို တာ မတွေ့ရဘူး။ ဒါပေမဲ့ တခုပဲရှိတယ် ၊ သူတို့ရဲ့ တစုံတရာ အကျိုးစီးပွားအတွက် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွေ့ဆုံ ဆွေးနွေးဖို့ ဆိုတာကို တိတိကျကျ ပြောထားပြီးပြီ။ အဲဒါအပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသမားတွေ လွှတ်ပေးဖို့လိုတယ်၊ လူ့အခွင့်အရေး လေးစားဖို့လိုတယ်၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို အသိအမှတ် ပြုဖို့လိုတယ်ဆိုပြီး သူတို့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ပြန်တဲ့စာထဲမှာ အတိအလင်း ဖော်ပြထားတယ်။ အဲဒီအခါကျတော့ တိုင်းပြည်အကျိုး၊ လူထုအကျိုးကို တကယ်လိုလားတယ်ဆိုရင်တော့ စစ်အာဏာပိုင်များဘက်က တွေ့ဆုံဆွေးနွေးရေးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် စတင်ဖို့ လိုတယ် လို့ ကျနော်တို့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မိုးဇော် ရော ဘယ်လိုမြင်ပါသလဲ။ အခုန ဆရာဦးဇင်လင်း ပြောတဲ့နေရာမှာ အခုထိ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဆွေးနွေးလိုတာကို ပြနေတယ်၊ အမေရိကန်ပြည်ထောင်စု နဲ့ ကမ္ဘာ့နိုင်ငံတွေက လည်း ဒီဆန္ဒ ရှိနေတယ်ဆိုတဲ့ စကားမှာ ကျနော်အနေနဲ့ နှစ်မျိုးခွဲခြားချင်ပါတယ်။ စစ်အစိုးရဘက်က လိုက်လိုက်လဲှလဲှ မရှိ ဘူး၊ စစ်အစိုးရရဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရဲ့ အမျိုးသားနေ့ မိန့်ခွန်းကို ကျနော်ကိုယ်တိုင် ဝေဖန်သုံးသပ်ပါတယ်၊ သူက တုံ့ပြန်လိုစိတ် မရှိဘူးဆိုတာ။ ဒါပေမဲ့ အခုပြန်စဉ်းစားကြည့်တဲ့အခါမှာ ဘာတွေ့မိလဲဆိုတော့ သူတို့ အစကတည်းက ပြော လာခဲ့တာက ပြည်တွင်းမှာ ကိုယ့်အချင်းချင်း ဆွေးနွေးညှိနှိုင်းလို့ ပေါ်ထွက်လာတဲ့ရလဒ် home grown process ဖြစ်စေချင် တယ်။ အခုအခါမှာ ပြည်ပသြဇာနဲ့ လုပ်ရတဲ့သဘောမျိုးကို မလိုလားလို့ သူတို့အနေနဲ့ Kurt Campbell လာတဲ့အခါ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ခရီးထွက်နေတာတို့၊ ဘာတို့၊ သူရဲ့ အမျိုးသားနေ့ သဝဏ်လွှာမှာ ကိုလိုနီလက်သစ် နိုင်ငံအဖြစ် ပုတ်ခတ်ရေးထားတာ မဖြစ်နိုင်ဘူးလား၊ သူတို့ ဆန္ဒတကယ် ရှိနေပေမဲ့လဲ။

ဦးအောင်မိုးဇော် ။ ။ အခြေခံအားဖြင့်တော့ ဒီ စစ်ခေါင်းဆောင်တွေအနေနဲ့တော့ နိုင်ငံကြီးတခုခုက သူတို့ကို ဖိအားပေးလို့ ဆိုတဲ့ သဘောထားမျိုးကို မမြင်စေချင်တာတော့ အမှန်ပဲ။ အဲဒီသဘောထားတော့ သူတို့မှာ ရှိပုံရတယ်လို့ ထင်တယ်။ တဦးဦးက ဖိအားပေးလို့ သူတို့လုပ်ရတယ်ဆိုတာကို မဖြစ်စေချင်တဲ့ သဘောရှိတယ်။ တပြိုင်နက်ထဲမှာ ကျနော်တို့ တိုင်းပြည် အပြောင်းအလဲအတွက်က ကျနော်တို့ပဲ လုပ်ရမယ်ဆိုတာ ကျနော်ထင်တယ် ကျနော်တို့ ပြည်သူပြည်သားတွေပဲ လုပ်ရမယ်ဆိုတာကို ဒီမိုကရေစီအင်အားစုတွေကလည်း ကောင်းကောင်းသဘောပေါက်တယ်လို့ ယူဆပါတယ်။ ဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ တွေ့ချင်တယ်လို့ စာပေးတဲ့ကိစ္စကို ပြောတဲ့ကိစ္စကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က လက်ခံခဲ့မယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖြစ်ရင်တော့ တစုံတရာ လမ်းစ ပေါ်ကောင်းပေါ်လာနိုင်တယ်လို့ ယူဆပါတယ်။ သို့သော်လည်းပဲ တဘက်က ကျနော် စိုးရိမ်တယ်။ ဘာကြောင့် တဘက်ကစိုးရိမ်ရလဲဆိုတော့ အတိတ်မှာရှိခဲ့တဲ့၊ မကြာသေခင်ကာလတွေမှာ အတိတ်မှာ သုံးလေးခါ ရှိခဲ့တယ်။ ဦးကျော်ဇံသာတို့လည်း မှတ်မိပါလိမ့်မယ်။ သက္ကရာဇ် ၂၀၀၀ ကျော်လောက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ဖြစ်လာပြီ ဖြစ်လာပြီ ဆိုပြီးတော့ ဟုတ်နိုးနိုးနဲ့ မျှော်လင့်ခဲ့တာတွေ ရှိခဲ့တယ်။ ၂၀၀၃ မှာ ဒီပဲယင်း ဖြစ်ပြီတော့ ပြန်ရပ်သွား ပြန်တယ်။ ဒေါ်အောင်ဆန်းစုကြည် အဲဒီအချိန်ကတည်းက အချုပ်ထဲမှာ နေခဲ့ရတာပဲ။ အဲဒီလိုဘဲ Saffron ဖြစ်ပြီး ကာလ မှာလည်း ဒီလိုပဲ တွေ့ဆုံဆွေးနွေးရေး ဖြစ်မလိုနဲ့ ပြန်ပြီးတော့ referendum တွေ လုပ်ပြီးတော့ ပြန်ရပ်သွားတယ်။ အဲဒီလိုမျိုး ဖြစ်မှာကို ကျနော်တို့အနေနဲ့ စိုးရိမ်မှုရှိတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ပြည်ပမှာ အခြေစိုက်တဲ့ အထူးသဖြင့် အတိုက်အခံနိုင်ငံရေးသမား တော်တော်များများက မြန်မာ နိုင်ငံစစ်အစိုးရပေါ်မှာ တင်းတင်းမာမာ ဆက်ဆံဖို့၊ စီးပွားရေးပိတ်ဆို့မှုတွေကို ကျင့်သုံးဖို့။ အဲဒါတွေကို မရုပ်သိမ်းဖို့ ဘာ ညာ ပြောနေကြတယ်။ ဆိုတော့ ဒီလို ဖိအားပေးမှု နေခြင်းဟာ စစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ရေး အတွက် တွေ့ဆုံချင်တဲ့ဆန္ဒကို ပြသဖို့အတွက် အဟန့်အတားများ မဖြစ်စေဘူးလား ဆရာဦးဇင်လင်း။ အဟန့်အတား ဖြစ်စေ မယ်လို့ မထင်ဘူးလား။

ဦးဇင်လင်း ။ ။ ဒီဟာကတော့ ကျနော်တို့ တင်းမာတဲ့အစု နဲ့ နည်းနည်းပျော့ပျောင်းတဲ့အစု နှစ်စုလုံးကတော့ အသံတွေ ထွက်နေမှာဘဲ။ ဒီထက်ပိုပြီး ပိတ်စို့ရမယ်လို့ ပြောတဲ့လူတွေရှိသလို၊ sancton အားလုံးကို ရုတ်သိမ်းပေးရမယ်လို့ ပြောတဲ့ လူတွေလည်း ရှိပါတယ်။ အသံတွေကတော့ နှစ်ဖက်စလုံးက လာနေတာပါဘဲ။ ဒါပေမဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်တွေ့ အဆုံးအဖြတ်ပေးရမယ့် နယ်ပယ်ထဲမှာ၊ လက်တွေ့အခြေအနေတွေနဲ့ ထိစပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် ကလည်း အင်မတန်မှ moderate ဖြစ်ပြီးတော့ သူ စဉ်းစားတာ၊ လုပ်တာကိုင်တာတွေ က တကယ့်လုပ်ဟန်ကိုင်ဟန်တွေကတော့ ကျနော်တို့ နားလည်သလောက်၊ မြင်သလောက်ကတော့ ပျော့ပျောင်းပါတယ်၊ သိမ့်မွေ့ပါတယ်။ တကယ့် ပြဿနာက စစ်ခေါင်းဆောင်များဘက်က စာပွဲဝိုင်းပေါ်မှာ လာမထိုင်တဲ့ ကိစ္စဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့မေးခွန်းကို မေးပါရစေ။ ဆရာဖြေပါ ခပ်တိုတိုပဲ၊ ဆရာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ဒုတိယရေးလိုက်တဲ့ စာအပေါ်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဘက်က လက်ခံတဲ့သဘောမျိုး တုံ့ပြန်လာလိမ့်မယ်လို့ မြင်ပါသလား၊ မတုံ့ပြန်ဘဲ ခပ်တန်းတန်းနေမယ်လို့ ထင်သလား။

ဦးဇင်လင်း ။ ။ ဒါ တော်တော်လေး ဖြေရခက်တဲ့ကိစ္စဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဒါဟာ သဘောထား အပျော့ပျောင်းဆုံး တိုင်းပြည်နဲ့လူထုရဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားချင်တဲ့အတွက်ကြောင့်မို့ သူဘက်ကတော့ အပျော့ပျောင်းဆုံးနဲ့ သူရဲ့ ပိုင်းဖြတ်ချက်ထဲမှာလည်း ပြေလည်မှု ဖြစ်နိုင်သမျှဖြစ်အောင် ကြိုးစားပြီးတော့ ဆောင်ရွက်မယ့် ပိုင်းဖြတ်ချက်မျိုး ရှိထားပုံရတယ်။ အတော်ကြီးပျော့ပျော့ပျောင်းပျောင်း ကို ချဉ်းကပ်ထားတာပဲ။ ဒီအပေါ်မှာ တကယ်ရော စစ်ခေါင်းဆောင်များဘက်ကလည်း တိုင်းပြည်ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ဒုက္ခသုက္ခအခြေအနေတွေကိုသာ စာနာ ထောက်ထားမယ်ဆိုရင်တော့ ဒီကမ်းလှမ်းချက်ဟာ လက်ခံသင့်တဲ့ကမ်းလှမ်းချက် ဖြစ်တယ်။ သို့သော်လည်း စစ်အာဏာပိုင် များရဲ့ အတိတ်ရဲ့ လုပ်ဟန်တွေကို ပြန်ပြီးထောက်ထားရတဲ့အခါကျတော့ ကျနော်က ဒီဥစ္စာကို ၅၀/၅၀ လို့ပဲ ပြောရမယ့် အနေအထားဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ကိုအောင်မိုးဇော် ရဲ့ အနေအထားသဘောထားလည်း သိချင်ပါတယ်။ ကိုအောင်မိုးဇော်ကရော ဆရာဇင်လင်း လို ၅၀/၅၀ ပဲလား။ သို့တည်းမဟုတ် ဟိုဘက်က အပြုသဘောနဲ့ တုံ့ပြန်လာလိမ့်မယ်လို့ မျှော်လင့်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်အနေနဲ့ အကောင်းဆုံးကို မျှော်လင့်ပါတယ်။ ဒါပေမဲ့ တဘက်ကလည်း အဆိုးဆုံးကိုလည်း ပြင်ဆင်မှု ရှိဖို့လိုတယ်လို့ အဲဒီလိုပဲ ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ဟာ တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေနိုင်တဲ့ မေတ္တာရပ်ခံချက်၊ ကမ်းလှမ်းချက်ဖြစ်တယ်ဆိုတာ သာမန်စဉ်းစားရုံနဲ့ နားလည်းသဘောပေါက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှုးကြီးဘက်က လိုက်လျောပြီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖြစ်ကြပါစေလို့ လူတိုင်းက ဆုတောင်းမှာ မလွဲဘူးလို့ ထင်မိပါကြောင်း။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG