မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အကူအညီ အထောက်အပံ့တွေ ပေးနေပေမဲ့ ကူညီပေးတဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်အောင် မြန်မာစစ်အာဏာပိုင်တွေ ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ လက်တွေ့ လုပ်ဆောင်နေသူတွေက ထောက်ပြကြပါတယ်။ Global Fund အဖွဲ့နဲ့ ဗြိတိန်က DFID နိုင်ငံတကာ ဖွံ့ဖြိုးမှု အဖွဲ့တွေကနေ မြန်မာနိုင်ငံအတွက် ဒေါ်လာ သန်း ရာနဲ့ချီ အကူအညီ ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို ထောက်ပြ ပြောဆိုကြတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါ ၃ မျိုး တိုက်ဖျက်ရေးအတွက် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁၁ သန်း ကူညီဖို့အတွက် ချထားပေးပြီး ၅ နှစ်ကျော် ကာလအတွင်းမှာ သန်း ၃၀၀ နီးပါး ပေးအပ်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အီသီယိုးပီးယားနိုင်ငံမှာ ကျင်းပတဲ့ ညီလာခံမှာ Global Fund အဖွဲ့ကြီးက အတည်ပြုခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ Global Fund အဖွဲ့ မြန်မာနိုင်ငံထဲက နှုတ်ထွက်သွားတဲ့အခါ ဗြိတိန်၊ သြစတြေးလျ၊ EU ဥရောပ ကော်မရှင်၊ နယ်သာလန်၊ နော်ဝေးနဲ့ ဆွီဒင်နိုင်ငံတွေက ဒေါ်လာ သန်း ၁၀၀ မတည်ပြီး ရောဂါ ၃ မျိုး ရန်ပုံငွေအတွက် 3D Fund အဖွဲ့ကို ထူထောင်ပြီး အကူအညီတွေ ပေးခဲ့ပါတယ်။ အခု Global Fund အဖွဲ့ မြန်မာနိုင်ငံကို ပြန်ပြီး ကူညီဖို့ ဆုံးဖြတ်လာတဲ့ အခါမှာလည်း 3D Fund အဖွဲ့ကြီးက ကြိုဆိုလိုက်ပြီး ဗြိတိန်နိုင်ငံက ပေါင်စတာလင် ၁၀ သန်း ချမှတ်ပေးဖို့ အင်္ဂါနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို မပစ်ပယ်ပေမဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှုနဲ့အတူ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ တိုးပြီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခုလို မြန်မာနိုင်ငံအတွက် နိုင်ငံတကာက အကူအညီတွေ ပေးအပ်နေရတာဟာ မြန်မာနိုင်ငံသားတွေမှာ တကယ် လိုအပ်နေလို့ပါလို့ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်က လူထုကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်စ် ဘေယာက ပြောပါတယ်။
“မြန်မာပြည်အတွက် ဝမ်းနည်းဖို့ကောင်းတဲ့ အမှန်တရားတခုကတော့ ကူးစက်ရောဂါတွေ ဖြစ်ကြတဲ့ HIV/AIDS၊ ငှက်ဖျားနဲ့ တီဘီ အဆုတ်နာ ရောဂါတွေဟာ အခုအချိန်ထိ ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ ရောဂါတွေအဖြစ် ရှိနေတုန်း ဆိုတာပါပဲ။ ဒါကို ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်မပြောဘဲ ထားပါတယ်။ မြန်မာပြည်မှာ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရန်ပုံငွေက သိပ်ပြီးနည်းပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုဟာ မြန်မာပြည်မှာ ပြည်သူပိုင်လုပ်ငန်း ဖြစ်ပေမဲ့လည်း ပြည်သူတွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ မရနိုင်ဘဲ ဖြစ်နေပါတယ်။”
မြန်မာစစ်အစိုးရဟာ ပြည်သူတွေ တကယ်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေအတွက် ငွေကြေးသုံးစွဲမှု သိပ်ကို နည်းပါးတဲ့အပြင် နိုင်ငံရပ်ခြားက ကူညီထောက်ပံ့မှုတွေ အတွက်လည်း ထိထိရောက်ရောက် ကူညီနိုင်အောင် ဆောင်ရွက်မပေးဘဲ ပိတ်ဆို့တားမြစ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
“လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မြန်မာပြည်ထဲကိုရောက်တဲ့ အနေအထားကို ကြည့်မယ်ဆိုရင် နိုင်ငံတကာနဲ့ NGO အဖွဲ့တွေအပြင် နယ်စပ်ကျော်ဖြတ် အကူအညီပေးတဲ့ အဖွဲ့တွေကတဆင့် ရောက်တာပါ။ ဒါပေမဲ့ ဒါတွေဟာ မလုံလောက်ဘူးဆိုတာ အားလုံးသိပါတယ်။ နိုင်ငံတကာက ဖွံ့ဖြိုးဆဲနိုင်ငံတွေကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့အထဲမှာ မြန်မာနိုင်ငံက ရတာ အနည်းဆုံး ဖြစ်နေပါတယ်။”
ပြည်ပကပေးတဲ့ အကူအညီတွေဟာ အခုလို နည်းပါးတဲ့အထဲ အကူအညီ အများဆုံး လိုအပ်နေတဲ့ ဆင်းရဲတဲ့ မြန်မာနိုင်ငံသားတွေအတွက် လက်တွေ့ ကူညီနိုင်ရေးမှာ အခက်အခဲ၊ အတားအဆီးတွေ အမျိုးမျိုးနဲ့ ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။ ပြည်တွင်းကို အကူအညီ သွားပေးကြသူတွေဟာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေနဲ့ ကြုံရပြီး အကူအညီတွေ ဖြန့်ဖြူးပေးရာမှာလည်း တားဆီးပိတ်ပင်မှုတွေ ကြုံရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားကို ရောက်နိုင်ဖို့ ခက်ခဲတဲ့အပြင် နိုင်ငံတကာ အကူအညီ အများဆုံးရောက်တဲ့ နေရာကတော့ နာဂစ်ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့နေရာ ဖြစ်ပြီး ဒါတောင် အကန့်အသတ်တွေ သိပ်များနေတယ်လို့ ဆိုပါတယ်။ ဒီလိုကန့်သတ်မှုတွေကို မြန်မာစစ်အစိုးရဘက်က ဖယ်ရှားပေးဖို့ လိုအပ်တဲ့အပြင် ကိုယ်တိုင်လည်း လူထုအတွက် တကယ်ကြည့်ဖို့ လိုတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ပြဿနာကိုကြည့်ရင် မြန်မာလူထုဟာ တကယ့်ကို ဆင်းရဲနေပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုနေတာပါ။ ဒါဟာ တိုင်းပြည်က ဆင်းရဲလို့ မဟုတ်ပါဘူး။ စစ်အစိုးရက တိုင်းပြည်ရဲ့ သယံဇာတက ရတဲ့ငွေကို လူထုအတွက် မသုံးစွဲလို့ ဖြစ်နေတာပါ။ ဒါကြောင့် ကျနော်တို့ မြင်ချင်တာကတော့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို တိုးပေးကြဖို့အပြင် မြန်မာစစ်အစိုးရဘက်ကလည်း ပညာရေး၊ ကျန်းမာရေးနဲ့ လူထုရဲ့ လိုအပ်ချက်တွေကို ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သယံဇာတတွေကရတဲ့ ငွေတွေနဲ့ သေသေချာချာ သုံးစွဲလာဖို့ပါ။”
အမေရိကန်နိုင်ငံ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်က လူထုကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ်စ် ဘေယာ ပြောသွားတာ ဖြစ်ပါတယ်။