သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု တွေ့ဆုံရေး ကမ်းလှမ်းချက် စစ်အစိုးရ တုံ့ပြန်ဖို့ အမေရိကန် မျှော်လင့်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွက် အကျိုးများစေမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်အစိုးရ အကြီးအကဲနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း မကြာသေးခင်က ကမ်းလှမ်းလိုက်တဲ့အပေါ် အစိုးရဘက်က တုံ့ပြန်သင့်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးမှုတွေဟာ မြန်မာ့နိုင်ငံရေးအတွက် လမ်းစတခု ဖြစ်နိုင်တယ်လို့ မျှော်လင့်မိကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့နိုင်ငံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လက်တွဲဖြေရှင်းလိုတာမို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရဖို့ အထူး မေတ္တာရပ်ခံပါတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်တုန်းက ကမ်းလှမ်းလိုက်တာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လမ်းစတခု ဖြစ်လာလေမလား မျှော်လင့်မိတယ်ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တာပါ။

စစ်အစိုးရ အကြီးအကဲကို ရည်ညွှန်းပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ရေးထိုး ပေးပို့ထားတဲ့စာက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လုပ်ဆောင်လိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီလို ကမ်းလှမ်းမှုတွေ လုပ်ထားပေမဲ့လည်း မြန်မာစစ်အစိုးရဘက်ကတော့ အခုချိန်ထိ တုံ့ပြန်သံ မကြားရသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ (Ian Kelley) က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာလေမလားဆိုပြီး မျှော်လင့်မိကြောင်း မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီးဆီကို ရေးလိုက်တဲ့စာနဲ့ ပတ်သက်လို့ ကျနော်တို့ သတိပြုမိပါတယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးမှုတွေအတွက် လမ်းစတခုဖြစ်ပြီး သူ ပြန်လည်လွတ်မြောက်လာရေးကို ဦးတည်သွားဖို့ကိုလည်း ကျနော်တို့ မျှော်လင့်မိပါတယ်။”

စစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေ ပြောင်းလဲကျင့်သုံးပြီး တိုက်ရိုက်ဆက်ဆံမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောဆိုအပြီး မြန်မာနိုင်ငံကို အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) သွားရောက်စဉ် တွေ့ဆုံခွင့်ပြုတဲ့အတွက် စစ်အစိုးရကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့စာထဲမှာ ဖော်ပြခဲ့တာပါ။ ဒီလိုပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ပိုမိုသိရှိနိုင်အောင် အနောက်တိုင်း သံတမန်တွေနဲ့ တွေ့ဆုံခွင့် ပြုခဲ့တာကိုလည်း အလားတူ သဘောထားမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ထွက်ပေါ်လာစေဖို့ မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆက်ဆံမှုတွေ စတင်လုပ်ဆောင်လာနေတာ ဖြစ်ပေမဲ့ စစ်အစိုးရဘက်က နိုင်ငံရေး အပြောင်းအလဲတွေ လုပ်ဖို့ ဆန္ဒရှိတယ် ဆိုတာကို သိသာမြင်သာတဲ့ လုပ်ရပ်တွေနဲ့ ပြသဖို့ လိုနေသေးတယ်လို့လည်း ပြောဆိုခဲ့တာပါ။

“သူတို့အနေနဲ့ လမ်းဖွင့်ပေးဖို့ ဆန္ဒရှိကြောင်း ပြသဖို့အတွက် လုပ်နိုင်တဲ့ ခြေလှမ်းတွေထဲက တခုကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပါ။ အခု အကျဉ်းသားတွေ အားလုံး ၂,၀၀၀ ကျော်လောက် ရှိနေပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့လည်း ကျနော်တို့က တောင်းဆိုပါတယ်။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ အီယန် ကယ်လီ ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ခေါင်းဆောင်ထံ ပေးပို့တဲ့ စာထဲမှာတော့ တိုင်းပြည်အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်သွားနိုင်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဖို့သာမက သူမ ဦးဆောင်တဲ့ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုခဲ့တာပါ။ ဒီလိုတွေ့ဆုံရာမှာ ကျန်းမာရေး မကောင်းတဲ့ ပါတီခေါင်းဆောင်တွေသာမက သူ့လိုပဲ နေအိမ်အကျယ်ချုပ်နဲ့ တောက်လျှောက်ဆိုသလို ဖမ်းဆီးခံထားရတဲ့ NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့လို ပုဂ္ဂိုလ်တွေနဲ့ပါ တွေ့ဆုံခွင့်ပြုဖို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အခုအချိန်အထိကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်အပေါ် စစ်အစိုးရဘက်က တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG