သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူ့အခွင့်အရေး ချိုးဖောက်မှု ကုလ ရှုတ်ချ


မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တရပ်ကို ကုသလမဂ္ဂ အထွေထွေညီလာခံက ချမှတ် လိုက်ပါတယ်။ ၁၈၃ နိုင်ငံ တက်ရောက်ကြတဲ့အနက် ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ နဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်သွားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာ က အစီရင်ခံထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ အဆိုပြုချက်ကို ဘယ်လောက် ထောက်ခံကြပါသလဲ၊ ဘယ်သူ ကန့်ကွက်သလဲ၊ ဘယ်သူ ကြားနေမလဲ ဆိုတဲ့မဲတွေကို ကောက်ယူပြီးတော့ အခုလို မဲရလဒ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

"ထောက်ခံမဲ ၉၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲ၊ ကြားနေမဲ ၆၅ မဲ ရှိခဲ့ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ အဆိုပြုချက်ဟာ အတည်ဖြစ်ပါတယ်။"

အဲဒါကတော့ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ တတိယ ကော်မတီမှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒီပြဌာန်းချက် မူကြမ်းကို ဥရောပနိုင်ငံတွေ ပါဝင်တဲ့ ဥရောပ သမဂ္ဂအဖွဲ့နဲ့၊ အစ္စရေးနိုင်ငံ တို့က ပူးတွဲပြီး အဆိုပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို အဆိုရှင်နိုင်ငံများရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ ကိုယ်စားလှယ် သံအမတ်ကြီးက အခုလို ဖတ်ကြား တင်သွင်းခဲ့တာဖြစ်ပါတယ်။

"လွတ်လပ်၊ တရားမျှတ၊ ပွင့်လင်းမြင်သာပြီး လူတိုင်းပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်အောင် လိုအပ်တဲ့ လုပ်ရပ်တွေကို ချက်ချင်းစတင်ဆောင်ရွက်ဖို့ မြန်မာစစ်အစိုးရကို အလေးအနက် တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ဆိုးရွားနိမ့်ကျဆဲ ဆိုတာကို ထောက်ပြလိုပါတယ်။ ဒေါ်အောင်ဆန်ုးစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီးတော့ လွတ်လပ်စွာ စုဝေးခွင့်၊ ဖော်ထုတ် ပြောကြားခွင့်တွေကိုလည်း တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားခြင်း ခံနေရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နေဆဲလည်း ဖြစ်ပါတယ်။ လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်း မရှိသေးဘဲနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး။"

မြန်မာနိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရှုတ်ချတဲ့အဆိုပြုချက်ကို ဥရောပ သမဂ္ဂနဲ့ ပူးတွဲတင်သွင်းတဲ့ အစ္စရေးနိုင်ငံ တို့ရဲ့ ကိုယ်စား ဆွီဒင်နိုင်ငံ သံအမတ်ကြီးက ဖတ်ကြားသွားတာဖြစ်ပါတယ်။ အဲဒီလို ဖတ်ကြားပြီးတဲ့နောက်မှာ ကန့်ကွက်တဲ့ နိုင်ငံတွေ၊ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံ စစ်အစိုးရ ကိုယ်စားလှယ်က ကန့်ကွက်ပါတယ်။ မြန်မာစစ်အစိုးရ သံအမတ်ကြီး ဦးသန်းရွှေက ဒီ ပြဌာန်းချက်ဟာ ခေတ်နဲ့မလျော်ညီတော့တဲ့ ပြဌာန်းချက်၊ ဆုံးဖြတ်ချက် ဖြစ်တယ် ဆိုပြီးတော့ အခုလို ကန့်ကွက်ပါတယ်။

"အီးယူတင်ပြတဲ့ ပြဌာန်းချက် မူကြမ်းဟာ အခြေအနေနဲ့ လွဲလျော်ပြီး အမှားအယွင်းတွေ အတော်များနေပါတယ်။ ပထမဆုံး ပြောချင်တာကတော့ ကျနော်တို့ ခေတ်နဲ့ မကိုက်ညီပါဘူး။ ဒီကနေ့ ကမ္ဘာပေါ်မှာ နှစ်ဖက်စလုံး အရှုံးပေါ်စေမယ့် လုပ်ရပ်မျိုးဟာ အလုပ်မဖြစ်တော့ပါဘူး။ မြန်မာနိုင်ငံ ဒါမှမဟုတ် နိုင်ငံတခုခုရဲ့ လူ့အခွင့်အရေး အခြေအနေကို ဥရောပ သမဂ္ဂက တကယ် စိုးရိမ်မကင်း ဖြစ်ခဲ့ရင် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးသာ လုပ်သင့်ပါတယ်။"

ပြုသဘောဆောင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှုမျိုး လုပ်သင့်တယ်ဆိုပြီးတော့ အဲဒီအဆိုပြုချက်ကို ကန့်ကွက်ကြတဲ့ နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရ မိတ်ဆွေများ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ အာဆီယံ နိုင်ငံတွေလည်း ပါဝင်ကြပါတယ်။ သူတို့က အပြုသဘောဆောင်တဲ့အနေနဲ့ ချဉ်းကပ်ကြဖို့ အဆိုပြုခဲ့ကြတဲ့ တင်ပြခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အဆိုပြုချက်ကို ထောက်ခံသွားတဲ့ နိုင်ငံထဲမှာ ဂျပန်နိုင်ငံလည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ရပ်တည်ချက်ကတော့ -

"ဒီအဆိုပြုချက်ကို ဂျပန်နိုင်ငံက ထောက်ခံပါတယ်။ အထူးသဖြင့် ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားကို လုံး၀ ထင်ဟပ်နေတာဖြစ်ပါတယ်။"

ဒီလို မြန်မာနိုင်ငံစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဂျပန်နိုင်ငံက ရှုတ်ချတဲ့နေရာမှာ ပါဝင်ထောက်ခံပေမယ့်လည်း မြန်မာနိုင်ငံကိုတော့ ဆက်လက်ပြီးတော့ အကူအညီတွေပေးမယ်။ လူသားချင်းစာနာမှု အထောက်အပံ့တွေအပြင် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်စေဖို့ ပံ့ပိုးမှု အကူအညီတွေကိုလည်း ပေးသွားမယ်ဆိုတဲ့အကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ ဒီလို အကူအညီမျိုး ပေးဖို့အတွက် ဘယ်တော့မှာ တွန့်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဂျပန်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ပြောကြားသွားပါတယ်။

ဒီလို အဆိုပြုချက်မျိုးကို ကုလသမဂ္ဂ အထွေထွေညီလာခံက အရင်ကလည်း မကြာခဏ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဟာ non-binding resolution လို့ခေါ်ပါတယ်။ အတင်းအကျပ် လိုက်နာစေရမယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ပြဌာန်းချက်မျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလို ပြဌာန်းချက်ဟာ သိပ်ပြီးတော့ အရေးမပါဘူး၊ နှစ်ပေါင်းများစွာ ပြဌာန်းလာခဲ့၊ ချမှတ်လာခဲ့ပေမယ့် ဘာမှမထူးဘူးလို့ ဝေဖန်သူတွေကလည်း ရှိပါတယ်။ သို့ပေမယ့်လည်း နိုင်ငံရေးအားဖြင့်တော့ အင်မတန် လေးနက်တဲ့သဘောကို ဆောင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG