မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေနဲ့ပတ်သက်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်းကို တိုင်ကြားကြတဲ့သူတွေကို ဒေသခံအာဏာပိုင်တွေက ဖမ်းဆီး ထောင်ချမှုတွေ ဆက်လက် ပြုလုပ်နေတဲ့ အပေါ် စိုးရိမ်ကြောင်း အိုင်အယ်လ်အို (ILO) က ပြောပါတယ်။ ဒီကနေ့ ဆွစ်ဇာလန် (Switzerland) နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပ ပြီးဆီးသွားတဲ့ အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ရဲ့ စည်းဝေးပွဲက ထုတ်ပြန်ကြေငြာချက်ထဲမှာ အခုလို ထည့်သွင်း ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုအတွက် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ထံ တိုင်ကြားမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း တိုးလာတယ်လို့ အိုင်အယ်လ်အို မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်ရုံးက နိုဝင်ဘာလ ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဒီအစီရင်ခံစာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ILO အုပ်ချုပ်ရေးအဖွဲ့ စည်းဝေးပွဲအတွင်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။
ဒီ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ အတွက် တိုင်ကြားရေးဆိုင်ရာ သဘောတူညီချက် စာချွန်လွှာကို မြန်မာစစ်အစိုးရနဲ့ ILO အကြားရှိထားတဲ့ သဘောတူညီချက်အရ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေကို လွှတ်လပ်စွာ တိုင်ကြားခွင့်ရှိတဲ့အကြောင်း စစ်အစိုးရ ထိပ်ပိုင်းအဆင့်က သဘောတူထားပေမယ့်လည်း အောက်ခြေအဆင့်မှာတော့ ဒီသဘောတူညီချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပြင် တိုင်ကြားသူတွေဟာလည်း ဖမ်းဆီး ထိန်းသိမ်းခံနေရတုန်းဖြစ်တယ်လို့ ဆိုပါတယ်။ အိုင်အယ်အိုက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အမှုဆောင်ညွန်ကြားရေးမှူး ကာရီ တာပီယိုးလား (Kari Tapiola) ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ပတ်သက်လို့ တိုင်ကြားကြသူတွေ၊ တိုင်ကြားသူတွေနဲ့ ဆက်နွယ် ပတ်သက်နေသူတွေ ဆက်လက် ဖမ်းဆီးခံနေရတဲ့ ကိစ္စအပေါ် အိုင်အယ်လ်အို အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ စိုးရိမ်ပူပန်မိပါတယ်။ ဒါဟာ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ ပပျောက်ရေးအတွက် အိုင်အယ်လ်အို အဖွဲ့နဲ့ သဘောတူထားတဲ့အတိုင်း လိုက်နာ ဆောင်ရွက်ပါမယ်လို့ အစိုးရက သဘောတူထားတာတွေနဲ့ လုံးလုံကြီး ဆန့်ကျင်နေပါတယ်။ အခုလို လုပ်ဆောင်နေတဲ့ အတွက်လည်း အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေး အကောင်အထည်ဖော်ဖို့ ရရှိထားတဲ့ သဘောတူညီချက် အပေါ် တကယ် လုပ်ဆောင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို လွတ်ပေးဖို့ အုပ်ချုပ်ရေးအဖွဲ့က တောင်းဆိုပါတယ်။"
မြန်မာစစ်အစိုးရနဲ့ ILO အကြားရှိထားတဲ့ သဘောတူညီချက်အရ ထိပ်ပိုင်းအာဏာပိုင်တွေက အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေကို လွှတ်လပ်စွာ တိုင်ကြားခွင့် ပြုထားပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံအတွင်းမှာ အဓမ္မလုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးကို ဦးတည် လုပ်ဆောင်တာဖြစ်ရမယ်လို့ အုပ်ချုပ်ရေးအဖွဲ့က ဆုံးဖြတ်တဲ့အကြောင်းလည်း မစ္စတာ တာပီယိုးလား က ပြောပါတယ်။
ဒါ့အပြင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေမှာ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေ ဖြစ်ပေါ်နေတဲ့အကြောင်း တိုင်ကြားချက်တွေ အိုင်အယ်လ်အို က လက်ခံရရှိထားတဲ့အတွက် ဒီလုပ်ငန်းခွင်တွေကို အာရုံစိုက် လေလာသင့်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့်တော့ စစ်အစိုးရ အထက်အာဏာပိုင်တွေနဲ့ အိုင်အယ်လ်အိုအကြား သဘောတူညီထားတာတွေကို အောက်ခြေ အာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့ကိစ္စကို အထူး အလေးပေး ဖော်ပြထားတဲ့အကြောင်း မစ္စတာ တာပီယိုးလား က အခုလို ဆက်ပြောပါတယ်။
"အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးကို ဦးတည်တဲ့ လုပ်ဆောင်ချက်တွေကို ဒေသခံ အာဏာပိုင်တွေက လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အပေါ် အထူး အလေးပေး ဖော်ပြလိုပါတယ်။ အဓမ္မလုပ်အားပေး ခိုင်းမှု ပပျောက်ရေး အတွက် ဗဟိုအစိုးရက သဘောတူထားပေမယ့်လည်း အောက်ခြေအာဏာပိုင်တွေက ဒါကို လက်တွေ့လုပ်ဆောင်တာ မရှိဘူး၊ အထက်နဲ့အောက် လုံးဝ အချိတ်အဆက် လွဲနေတာကို တွေ့ရပါတယ်။"
အဓမ္မလုပ်အားပေး ခိုင်းစေမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်သူအနေနဲ့ ရာဇသတ်ကြီးဆိုင်ရာ ပြစ်မှုနဲ့ တရားစွဲဆို အရေးယူ ခံရနိုင်တဲ့အကြောင်း စစ်အစိုးရကိုယ်တိုင်က ဥပဒေ ပြဌာန်းထားပြီးသားဖြစ်ပါတယ်။