မြန်မာနိုင်ငံက လက်နက်ကိုင်အုပ်စုနဲ့ လူဆိုးဂိုဏ်းတွေ ကျုးလွန်တဲ့ နယ်ခြားဖြတ်ရာဇ၀တ်မှုအကြောင်း လွန်ခဲ့တဲ့ ဧပြီလ (၁၇) ရက်နေ့က အမေရိကန်ကွန်ဂရက်လွှတ်တော် သုတေသနဌာနက အစီရင်ခံစာတစောင် ထုတ်ဝေခဲ့ပါတယ်။ မှုးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူကုန်ကူးမှု၊ သဘာဝ သယံဇာတ ခိုးထုတ်မှု၊ တောရိုင်းတရိစ္ဆာန်နဲ့ လက်နက်ရောင်းဝယ်မှုစတဲ့ နယ်ခြားဖြတ်ရာဇ၀တ်မှုတွေ မြန်မာပြည်မှာ ဖြစ်ပွားပုံကို ဖော်ပြထားတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။ UWSA ‘၀’ တပ်ဖွဲ့၊ SSA ရှမ်းတပ်ဖွဲ့၊ DKBA ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ နဲ့ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကို နယ်ခြားဖြတ် ရာဇ၀တ်မှု ကျုးလွန်သူတွေအဖြစ် ဖော်ပြထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ကျက်စားတဲ့ 14-K တရုတ်လူဆိုးဂိုဏ်းလည်း ပါဝင်နေပါတယ်။
အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာဘ်ထိုးပြီး နားလည်မှုနဲ့ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဗမာအစိုးရ အမှုထမ်းလောကနဲ့ စစ်တပ်မှာ အဂတိလိုက်စားတာဟာ ဓလေ့ထုံးစံတခုလို ဖြစ်နေပါတယ်။ အထူးသဖြင့် နယ်စပ်မှာတာဝန်ကျတဲ့ စစ်မှုထမ်းနဲ့ ရဲတွေဟာ နယ်ခြားဖြတ်ရာဇ၀တ်မှုတွေနဲ့ ရောထွေးဖြစ်နေကြပါတယ်။ အစိုးရအမှုထမ်း၊ စစ်မှုထမ်း နဲ့ စီးပွားရေးလောကဟာ ကျိတ်ဝိုင်းလုပ်ပြီး အမြတ်ထုတ်ဖို့ကိုသာ ဦးစားပေးကြပါတယ်။ ကမ္ဘာပေါ်မှာ လာဘ်ပေးလာဘ်ယူအများဆုံးနဲ့ အဖောက်ပြန်ဆုံး တိုင်းပြည်ဟာ မြန်မာပြည်နဲ့ Somalia ဖြစ်တယ်လို့ ဆိုပါတယ်။
ဗမာစစ်အစိုးရဟာ မူယစ်ဆေးဝါးမှောင်ခိုတွေကို တရားဝင်စီးပွားရေး လုပ်ခွင့်ပေးထားပြီး ဆက်ကြေးကောက်နေပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုတွေဟာ သူတို့ရရှိတဲ့ငွေကို စစ်အစိုးရကြိုးကိုင်တဲ့ဘဏ်တွေမှာ အပ်နှံပါတယ်။ မူးယစ်ဆေးမှောင်ခိုတွေ ဘဏ်မှာအုပ်နှံထားတဲ့ငွေကို စစ်ဗိုလ်တွေကို သယ်ယူပြီး ဘန်ကောက်နဲ့ စင်္ကာပူကဘဏ်တွေမှာ တရားဝင်ငွေကြေးအဖြစ် အပ်နှံပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ လေဘေးကယ်ဆယ်ရေးမှာ ဗမာစစ်အစိုးရနဲ့ ဘိန်းမှောင်ခို ဆက်သွယ်ပုံ အထင်အရှား ပြန်ပေါ်လာပါတယ်။ ပြန်လည်တည်ဆောက်ရေး စီမံကိန်းမှာ Steven Law ခေါ် ထွန်းမြင့်နိုင် ပိုင်တဲ့ ကုမ္မဏီ လုပ်ငန်းကန်ထရိုက်ရတာဟာ ဗမာစစ်အစိုးရနဲ့ ဘိန်းမှောင်ခို ဆက်သွယ်ပုံကို ပြသရာရောက်ပါတယ်။ ထွန်းမြင့်နိုင်ဟာ ဘိန်းမှောင်ခို ကိုးကန့်တရုတ် လော်စစ်ဟန်ရဲ့ သား ဖြစ်ပါတယ်။
မူးယစ်ဆေးမှောင်ခို Steven Law ခေါ် ထွန်းမြင့်နိုင် ကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလကစပြီး အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ဒဏ်ခတ်အရေးယူထားပါတယ်။ Steven Law ရဲ့  ကုမ္မဏီဟာ မူးယစ်ဆေးကရတဲ့ မသမာငွေကြေးကို တရားဝင်ငွေဖြစ်အောင် ခ၀ါချတဲ့နေရာမှာ နာမည်ကြီးပါတယ်။ မြန်မာပြည်ထွက် မှောင်ခိုပစ္စည်းတွေကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ တောင်ကိုးရီးယား နဲ့ အာဆီယံနိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ မြန်မာပြည်လုပ် metaphetamine စိတ်ကြွဆေးထုတ်လုပ်မှုကို ဦးစားပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အာဆီယံဒေသက ဘိန်းဖြူ (၈၀) ရာခိုင်နှုန်းဟာ မြန်မာပြည်က လာတာဖြစ်ပါတယ်။
နယ်ခြားဖြတ်ရာဇ၀တ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ဗမာစစ်အစိုးရ လက်မှတ်ထိုးတာပေမဲ့ လူကုန်ကူးတဲ့နေရာမှာ မြန်မာပြည်ဟာ အဆိုးဆုံးဘဲလို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဆိုပါတယ်။ အမျိုးသမီးနဲ့ အလုပ်သမားရောင်းဝယ်မှု နဲ့ ကလေးစစ်သားစုဆောင်းမှု ဥပဒေတွေကို ပြဌာန်းထားပေမဲ့ ဗမာစစ်အစိုးရဟာ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နယ်စပ်ဒေသမှာ တိုင်းရင်းသူတွေ ရောင်းစားခံနေရတာ ကြာပါပြီ။ ကရင် လက်နက်ကိုင်အဖွဲ့အတွက် ထိုင်းနိုင်ငံက လက်နက်ခိုးသွင်းတာနဲ့ ဗမာစစ်အစိုးရက မြောက်ကိုရီးယား ဒုံးလက်နက် ၀ယ်ယူတာလည်း နယ်ခြားဖြတ်ရာဇ၀တ်မှု ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ စစ်ပစ္စည်း မရောင်းဝယ်ဖို့ ကုလသမဂ္ဂ က ပိတ်ပင်တာကို ချိုးဖောက်တာဟာ နယ်ခြားဖြတ် ရာဇ၀တ်မှုဘဲ ဖြစ်ပါတယ်။
အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုကြောင့် မူးယစ်ဆေးလုပ်ငန်းကရတဲ့ မသမာငွေကြေးတွေနဲ့ တည်ထောင်ထားတဲ့ Mayflower ဘဏ် နဲ့ Asia Wealth ဘဏ်ကို ဗမာစစ်အစိုးရက ၂၀၀၃ ခုနှစ်မှာ ပိတ်လိုက်ရပါတယ်။ မူးယစ်ဆေးမှောင်ခိုမှု နဲ့ မသမာငွေကြေး ခ၀ါချတဲကိစ္စကို အမေရိကန်က စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ မသမာငွေကြေး ကြီးစိုးတာကို ဗမာစစ်အစိုးရဟာ ထိန်းချုပ်ဟန့်တားနိုင်စွမ်း မရှိတဲ့အပြင် အလိုတူအလိုပါ ဖြစ်နေတာများတဲ့အတွက် အမေရိကန်က အရေးယူနေရတာ ဖြစ်ပါတယ်။
မြန်မာပြည်က နယ်ခြားဖြတ် ရာဇ၀တ်မှု တိုက်ဖျက်ရေးလုပ်ငန်းကို အမေရိကန်က အကူအညီမပေးပါဘူး။ ဒါပေမဲ့ မြန်မာပြည်က ထွက်လာတဲ့ မှောင်ခိုပစ္စည်းတွေကို ဟန့်တားတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုတော့ အမေရိကန်က အကူအညီပေးပါတယ်။ အမေရိကန်ရဲ့  ဒဏ်ခတ်အရေးယူမှုကြောင့် နယ်ခြားဖြတ် ရာဇ၀တ်မှု လျော့နည်းသွားတာဟာ မဟုတ်ပါဘူး။ ဒါကြောင့် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီကို တိုးပေးဖို့ အမေရိကန်က စဉ်းစားနေပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်အစိုးရဟာ မြန်မာ့အိမ်နိးချင်းနိုင်ငံတွေကတဆင့် နယ်ခြားဖြတ် ရာဇ၀တ်မှု တိုက်ဖျက်ရေးကို ကူညီသင့်ကြောင်း ဧပြီလထုတ် ကွန်ဂရက်လွှတ်တော် သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။