သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ရွေးကောက်ပွဲလွန်ကာလ နှိပ်ကွပ်မှု ကုလ ရှုတ်ချ


အီရန်နိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံက ရှုတ်ချကြောင်း ဆုံးဖြတ်ချက်တရပ်ကို မနေ့က ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့က VOA သတင်းထောက် Margaret Besheer ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြထားပါတယ်။

အီရန် လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ လက်အောက် တတိယကော်မတီလို့ခေါ်တဲ့

လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှု အရေးနဲ့ ယဉ်ကျေးမှုရေးရာ ကော်မတီကနေ မဲခွဲဆုံးဖြတ်ကြရမှာ ထောက်ခံမဲ ၇၄ မဲရှိပြီး ကန့်ကွက်မဲ ၅၉ မဲ နဲ့ မဲမထည့်တဲ့နိုင်ငံ ၅၉ နိုင်ငံ ပါရှိတာကြောင့် နောက်ဆုံး ဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒီကောက်မတီကို ကနေဒါနိုင်ငံ အပါအဝင် တခြား ၄၁ နိုင်ငံက ကမကထပြုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၇ နှစ်ကလည်း အီရန်လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အလားတူ ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာတော့ အီရန်မှာ အရင်ကလို ဆက်တိုက်ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် အငြင်းပွားစရာ ဖြစ်နေတဲ့၊ ပြီးခဲ့တဲ့ ဇွန်လ ရွေးကောက်ပွဲလွန်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုပါ အထူးဇောင်းပေး တင်ပြထားပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး သေဒဏ်ပေးတာ၊ အထူးသဖြင့် အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ လူငယ်လူရွက်တွေ ပါနေတဲ့အပေါ်မှာလည်း ကဲ့ရဲ့ ပြစ်တင်ထားပါတယ်။ ဒါ့အပြင် အီရန်အစိုးရအနေနဲ့ သမ္မတရွေးကောက်ပွဲအလွန်ကာလက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ယုံကြည်စိတ်ချလာအောင် ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ကို ပြုလုပ်ဖို့၊ ဒါ့အပြင် ခဲနဲ့ဝိုင်းပေါက်သတ်တာ၊ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်းအားဖြင် အပြစ်ပေး ဒဏ်ခတ်တဲ့နည်းတွေ ကိုလည်း ရပ်တန်းကရပ်ဖို့ တိုက်တွန်းထားပါတယ်။

အီရန် သမ္မတ မာမွတ် အမာဒင်နီဂျက် (Mahmoud Ahmadeinejad) ဒုတိယအကြိမ် ပြန်အရွေးခံခဲ့ရတဲ့ ရွေးကောက်ပွဲ နောက်ပိုင်း လမ်းပေါ်ထွက်ဆန္ဒပြခဲ့သူ ထောင်နဲ့ချီ အဖမ်းခံခဲ့ရပါတယ်။ လူ ၁၀၀ ကျော်ဟာလည်း ဆန္ဒပြမှုတွေကို ဦးဆောင်လှုပ်ရှားမှု၊ အစိုးရကို ဖြုတ်ချဖို့ ကြိုးစားမှုတွေနဲ့ ရုံးတင်စစ်ဆေးခံခဲ့ရပါတယ်။ ဒီအပတ်ထဲမှာလည်း လူ ၅ ဦးကို သေဒဏ်ပေးပြီး ၁၈ ဦးကို ၁၅ နှစ်အထိ ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ အီရန်အစိုးရ ရုပ်မြင်သံကြားမှာ ကြေညာခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး ဂျွန်မက်နီး (John McNee) က အီရန်ဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံ လိုက်နာရမယ့် တာဝန်တွေကို ပျက်ကွက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

"ဇွန်လ ၁၂ ရက်သမ္မတ ရွေးကောက်ပွဲနောက်ပိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပိုပြီးထင်ရှားလာပါတယ်။ အီရန်လုံခြုံရေး တပ်ဖွဲ့တွေ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းရာက သွေးမြေကျခဲ့တဲ့အထိ ဖြစ်ခဲ့သလို လူအမြောက်အမြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။ အဖမ်းခံရသူတွေဟာ ညှင်းပန်းနှိပ်စက်တာကို ခံရသလို သူတို့အတွက် ဥပဒေအကျိုးဆောင်တွေ ကိုယ်စားပြုခွင့်လည်း မရခဲ့ပါဘူး။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ စုဝေးပိုင်ခွင့်နဲ့ ပေါင်းဖွဲ့ပိုင်ခွင့်တွေလည်း သိသိသာသာ တင်းကြပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။"

ဆက်လက်ပြီး ကနေဒါသံအမတ်ကြီးက အခုလိုဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေသ၍ ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာဖို့ မဖြစ်မနေ ဆက်ပြီး ဖိအားပေး တိုက်တွန်းသင့်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး မာမွတ် ခါဇာအီ (Mohammad Khazaee) ကတော့ ဒီကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေး ပရောဂပါပြီး မုသာဝါဒတွေနဲ့ ပြည့်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

"ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စံချိန်စံနှုန်းတွေကို တဒင်္ဂ အကျိုးအတွက်ပဲ မြင်တတ်တဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ အလွဲသုံးစားပြုတာတွေကြောင့် တန်ဖိုးရှိတဲ့ လူ့အခွင့်အရေး သဘောတရားတွေဟာ နိုင်ငံတချို့အတွက် သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒ ထမြောက်ဖို့ အသုံးပြုစရာ လက်စွဲသာသာလောက်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ဒါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ နိုင်ငံရေးလွန်ဆွဲမှုတွေဟာ ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေကို အဓိပ္ပါယ်ရှိရှိ ကာကွယ်မြှင့်တင်နိုင်မယ့် စွမ်းရည်ကို ထိခိုက်စေမှာသာ ဖြစ်ပါတယ်။"

အီရန်လူ့အခွင့်အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ မဲမပေးခဲ့သူတွေနဲ့ ကန့်ကွက်ခဲ့သူတွေ ပြောတာကတော့ နိုင်ငံတချို့ကို သက်သက်မဲ့ ကဲ့ရဲ့ ပြစ်တင်တာကို ဆန့်ကျင်တယ်လို့ ပြောပါတယ်။ တချို့ကတော့လည်း ဒီလို လူ့အခွင့်အရေးကိစ္စတွေကို ဂျနီဗာမြို့မှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာပဲ ဆွေးနွေးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂအနေနဲ့ မဖြစ်မနေ အတည်ပြုရတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG