အီရန်နိုင်ငံက နျူကလီးယား စက်ရုံတွေကို တိုက်ခိုက်လာရင် ကာကွယ်သွားနိုင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ လေကြောင်းရန် ကာကွယ်ရေး၊ စစ်ရေး လေ့ကျင့်မှုတွေကို အကြီးအကျယ် စတင်ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ အီရန်သတင်းတွေက ဖော်ပြကြပါတယ်။
အီရန်နိုင်ငံ အလယ်ပိုင်း၊ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက စတုရန်း ကီလိုမီတာ ၆၀၀,၀၀၀ အထိ ကျယ်ပြန့်မယ့် စစ်ရေးလေ့ကျင့်မှုတွေကို ၅ ရက်ကြာ လုပ်ဆောင်သွားမယ်လို့လည်း အီရန် စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။
အီရန်နိုင်ငံက အချေအတင်ဖြစ်စရာ အဏုမြူလုပ်ငန်းတွေကို ခြိမ်းခြောက်နေတာတွေအပေါ် တန်ပြန် တိုက်ခိုက်သွားဖို့ အသင့်ရှိနေကြောင်း ပြသဖို့ အီရန်နိုင်ငံက မကြာခဏဆိုသလို စစ်ရေး လေ့ကျင့်မှုတွေ လုပ်လေ့ရှိပါတယ်။
အမေရိကန် ပြည်ထောင်စုနဲ့ အစ္စရေးလ် နိုင်ငံတွေကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ သံတမန်ရေး နည်းလမ်းတွေ မအောင်မမြင် ဖြစ်ခဲ့ရင် စစ်ရေးနဲ့ ဖြေရှင်းမယ့် နည်းလမ်းကိုလည်း စွန့်လွှတ်မထားကြပါဘူး။အီရန် တော်လှန်ရေးမြို့စောင့် အထူးတပ်ရဲ့ လေတပ်အကြီးအကဲကတော့ အစ္စရေးလ်က အီရန်ရဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ကို ကျော်လွှားပြီး တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာမျိုး လုပ်လာရင် အီရန်ဘက်က အစ္စရေးလ် စစ်စခန်းတွေကို မြေပြင်က မြေပြင်ပစ် ဒုံးကျည်တွေနဲ့ ပြန်တိုက်မယ်လို့ မနေ့တုန်းကပဲ ပြောဆိုခဲ့ပါတယ်။