သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ မြန်မာ နယ်စပ် ရထားလမ်း ဖောက်မည်


တရုတ်နိုင်ငံ ကြယ်ခေါင်မြို့နဲ့ မြန်မာနိုင်ငံ လားရှိုးမြို့တို့အကြား နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူအောင် ရထားလမ်း ဖောက်မယ်လို့ ဆိုပါတယ်။ နယ်စပ်ကုန်သွယ်ရေးအတွက် အထောက်အကူ ဖြစ်စေဖို့ ဒီရထားလမ်းကို ဖောက်လုပ်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ တရုတ်ဘက်က ကုန်ပစ္စည်းတွေအပေါ် မှီခိုအားထား နေရတာကြောင့် တရုတ်ဘက်ကပဲ ပိုပြီး အကျိုးအမြတ် ရှိလိမ့်မယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို အနီးကပ် လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခုလို နှစ်နိုင်ငံ နယ်စပ်အကြား ရထားလမ်းတွေ ဖောက်လုပ်လိုက်တဲ့အတွက် ကုန်စည်စီးဆင်းမှု ပိုမို ချောမွေ့စေမှာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး အတွက်လည်း အထောက်အကူ ဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒါပေမဲ့ မြန်မာစားသုံးသူတွေ အနေနဲ့ တရုတ်နိုင်ငံက ထွက်တဲ့ ကုန်ပစ္စည်းတွေအပေါ်မှာ အများအားဖြင့် မှီခိုအားထား နေရတာကြောင့် အခုလို ရထားလမ်း ဖောက်လိုက်တာက တရုတ်နိုင်ငံအတွက် ပိုပြီး အကျိုးအမြတ် ရှိစေလိမ့်မယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို အနီးကပ် စောင့်ကြည့်နေတဲ့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

“အကျိုးအမြတ်ကတော့ ကျနော်တို့က ဘာကုန်မှ ပို့နိုင်တာမှ မဟုတ်တာ။ သူ့ဆီကကုန်ပဲ ဝင်တော့ သူ့ဆီကကုန်ပဲ မြန်မြန်ဆန်ဆန်နဲ့ ဒီရောက်မှာပေါ့ဗျာ။ အချိန်တိုသွားတဲ့အတွက် ခရီးစရိတ် နည်းနည်း သက်သာလာရင်လည်း သက်သာလာမယ်၊ ပြည်တွင်းက လူတွေအဖို့ နည်းနည်း သက်သာရင် သက်သာမယ်။ ဒါပေမဲ့ အဓိကကတော့ တရုတ်ပြည်ပဲ အကျိုးရှိမှာပေါ့။ သူ့ရောင်းကုန်တွေ အမြန်နဲ့ ရောက်လာမှာပေါ့ဗျာ။ ကျနော်တို့ပဲ ထိခိုက်မှာလေ။ လမ်းပန်းကောင်းရင် ကျနော်တို့ထဲက ပစ္စည်းတွေလည်း မြန်မြန်ဆန်ဆန် သူတို့ဆီ ထွက်သွားမှာပေါ့ဗျာ။ ကျနော်တို့ဘက်က ထွက်တာ Raw တွေထွက်ပြီး သူတို့ထဲက ဝင်တာကြတော့ အချောထည်တွေပေါ့။ နှစ်ဘက်တော့ အကျိုးရှိတယ်၊ ဒါပေမဲ့ အဓိက ပိုပြီး အကျိုးရှိတာကတော့ တရုတ်ပြည်ပဲ အကျိုးရှိမှာပဲ။”

အခုဆောက်ဖို့ ရည်ရွယ်ထားတဲ့ ရထားလမ်းဟာ လက်ရှိ ရှိနေတဲ့ မြန်မာနိုင်ငံဘက်က လားရှိုး၊ မူဆယ်လမ်းကို တရုတ်နယ်စပ်အထိ တိုးချဲ့ ဖောက်လုပ်သွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း ကုမင်မြို့ကနေ နယ်စပ် ရွှေလီ၊ ကြယ်ခေါင်အထိ ရထားလမ်းတွေ စဖောက်နေပြီလို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ဒီဘက်မှာလည်း ရထားလမ်းက စဖောက်နေပြီ။ ကုမင်ကနေ ဒီဘက်ကိုဖောက်တဲ့ ရထားလမ်းက အခု တာလေ ရောက်လာပြီ။ ပေါက်ဆန်းနဲ့ တာလေကြား ရောက်နေပြီ။ ပေါက်ဆန်းနဲ့ ရွှေလီနဲ့က ကီလိုမီတာ ၂၀၀ ရှိတော့ တရုတ်ပြည်ထဲက ကုမင်ရထားလမ်းက နယ်စပ်ကို ဖောက်ဖို့ဆို နောက်နှစ် ကုန်လောက်ဆို နယ်စပ် ရွှေလီကိုရောက်ပြီ။ ကျနော်တို့ ဒီဘက်မှာလည်း ရထား ဘူတာရုံတွေ စပြီး သတ်မှတ်ချက်တွေ၊ ရွှေလီဘူတာတို့၊ ကြယ်ခေါင်အထိတော့ မဟုတ်ဘူး၊ ကြယ်ခေါင်အစပ်ပေါ့၊ ကြယ်ခေါင်ဘူတာတို့၊ လုံခေါင်း ဘူတာတို့။ မူလကတော့ နမ်းခမ်းဘက်ကို ထွက်ဖို့၊ ဒါပေမဲ့ အခု လားရှိုးဘက်က ဖောက်မယ်ဆိုရင် ကြယ်ခေါင်လမ်းကို ဖြတ်ရမှာပဲ။

“တရုတ်ပြည်က အစီအစဉ်က ကျနော်တို့ သိသလောက် ဗန်းမော်လမ်းကို ရည်ရွယ်တာကိုး။ ဆိုတော့ တရုတ်ပြည်က နေပြီးတော့ တောက်လျှောက် ဖောက်လာတာ လုံတောင်းအထိ ဖောက်လာတာ။ ဒါပေမဲ့ အခုကြားသလို မူဆယ်လမ်းလို့ ကြားတဲ့အခါမှာ၊ မူလ သတ်မှတ်ချက်ကတော့ လုံတောင်းကို ထွက်မယ်၊ လုံတောင်းကနေ နမ်းခမ်းကို ကူးမယ်၊ နမ်းခမ်းကနေ ဗန်းမော်ကို ရထားလမ်းဖောက်မယ်လို့ ရည်ရွယ်ထားတာ။”

အခုချိန်မှာ နယ်စပ်ကုန်သွယ်ရေးက အရင်လောက် မကောင်းလှပေမဲ့ တရုတ်ဘက်က မူလစီစဉ်ထားတဲ့အတိုင်း ဒီရထားလမ်းကို ဆက်ဖောက်နေတာ ဖြစ်နိုင်ပြီး တဘက်ကလည်း မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနယ်စပ်၊ ဘင်္ဂလားရှေ့ နယ်စပ်တွေအထိ အလွယ်တကူ သွားလို့ရအောင် စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အခုလို တရုတ်၊ မြန်မာ နယ်စပ်ကို ဖြတ်ကျော်မယ့် ရထားလမ်း ဖောက်လိုက်တဲ့အတွက် တဘက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ဖောက်နေတဲ့ ရေနံ ဓာတ်ငွေ့ ပိုက်လိုင်းအတွက်လည်း အထောက်အကူ ပြုနိုင်တယ်လို့ ဆိုပါတယ်။
မြန်မာစစ်အစိုးရဘက်ကလည်း ကုန်သွယ်၊ ကူးသန်းရောင်းဝယ်ရေးအတွက် လမ်းတွေ တိုးချဲ့ဖောက်တယ် ဆိုပေမဲ့ တဘက်မှာ စစ်ရေးအရ ထည့်တွက်ပြီးမှ လုပ်ဆောင်လေ့ ရှိတယ်လို့ ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

“နအဖအနေနဲ့ အမြဲတမ်းတွက်တာက ကုန်သွယ် ကူးသန်းရောင်းဝယ်ရေးတင် မကဘူး၊ စစ်ရေးအရလည်း အများကြီး အရေးထားတာပေါ့ဗျာ။ အခုရှိနေတဲ့ ကားလမ်း၊ ရထားလမ်းတွေ၊ အသစ်ဖောက်တဲ့ ရထားလမ်းတွေ ကြည့်လိုက်မယ်ဆိုရင် အများအားဖြင့် စစ်ရေးအတွက် သုံးတာက passengers တို့ ကုန်စည် ကူးသန်းရောင်းဝယ်ရေးတို့ထက် သုံးတာက ပိုများနေတာကို တွေ့ရတယ်။

“ကျနော်ထင်တာ တရုတ်ဘက်ကလည်း နှစ်မျိုးစလုံး တွက်ထားမှာပဲ။ သူကလည်း စစ်ရေးအတွက်ရော၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး အတွက်ရော တွက်မှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင် ဒုတိယ ကမ္ဘာစစ်တုန်းကလည်း စစ်ရေးအတွက် အသုံးချဖို့ ကြိုးစားခဲ့တာကိုး။”

တရုတ်နယ်စပ်မှာရှိတဲ့ ကိုးကန့်ဒေသကို မြန်မာစစ်အစိုးရက ထိုးစစ်တွေဆင်ပြီး မကြာခင်မှာ အခုလို ရထားလမ်း တိုးချဲ့ ဖောက်လုပ်မယ့်အကြောင်း တရားဝင် ကြေညာလိုက်တာပါ။ တရုတ်နယ်စပ်မှာရှိတဲ့ ကချင်၊ ၀ နဲ့ ရှမ်း စတဲ့ တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အစိုးရကြား ရှိနေတဲ့ တင်းမာမှုတွေကလည်း အခုထိ မပြီးပြတ်သေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG