သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှု ၉၂ ဦး သေဆုံး


တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ကျောက်မီးသွေးတွင်း တခုမှာ စနေနေ့တုန်းက ဖြစ်ပွားခဲ့တဲ့ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ အခုအခါ ၉၂ ယောက်အထိ ရှိသွားပြီ၊ ဒါပေမဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်နေပါတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး ၂ ရက်အကြာအထိ နောက်ထပ် လူ ၁၆ ဦးဟာလည်း ရုရှားနိုင်ငံရဲ့ နယ်စပ်အနီးမှာရှိတဲ့ ကျောက်မီးသွေးတွင်းရဲ့ မြေအောက်ထဲမှာ ပိတ်မိနေတုန်းပဲလို့ အစိုးရပိုင် သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အပျက်အစီးတွေ၊ အဆိပ်သင့်နေတဲ့ ဓာတ်ငွေ့တွေကြားကနေ ကယ်ဆယ်ရေး သမားတွေကတော့ အောက်စီဂျင်ဘူးတွေ အသုံးပြုပြီး ပိတ်မိနေသူတွေဆီ အရောက်သွားဖို့ ကြိုးစားနေကြတာပါ။

ကယ်ဆယ်ရေး လုပ်ငန်းတွေ အရှိန်မြှင့် ဆောင်ရွက်သွားဖို့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) နဲ့ ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) တို့ကလည်း စနေနေ့တုန်းကပဲ ညွှန်ကြားချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

ဟေလောင်ဂျီယန် (Heilongjiang) ပြည်နယ်ထဲက ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်သွားဖို့အတွက် ထိပ်တန်း အရာရှိတဦးဖြစ်တဲ့ ဒု-ဝန်ကြီးချုပ်ကိုလည်း စေလွှတ်ထားတာပါ။

တရုတ်နိုင်ငံက ကျောက်မီးသွေးတွင်း လုပ်ငန်းတွေမှာ မကြာခဏဆိုသလို ကြီးမားတဲ့ မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိသလို မကြာသေးခင် နှစ်တွေအတွင်း ကြီးကြီးမားမား ပြဿနာတွေ ကြုံခဲ့ရလို့လည်း လုပ်ငန်းခွင် လုံခြုံရေး တိုးတက်အောင်လုပ်ဖို့ အစိုးရကို ဖိအားပေးမှုတွေလည်း တိုးပွားလာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG