သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ရွှေဂုံတိုင် ကြေညာချက် အကောင်အထည်ပေါ်ရေး ဖိအားပေးဖို့ ဂျပန်ကို တိုက်တွန်း


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ပါ ကမ်းလှမ်းချက်တွေ မြန်မာနိုင်ငံမှာ လက်တွေ့ အကောင်အထည် ဖြစ်လာဖို့ ဂျပန် အပါအဝင် ဒေသတွင်း အစိုးရတွေ အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ လိုမယ်လို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ရွှေဂုံတိုင် ကြေညာချက် အထောက်အကူဖြစ်မယ့် ဆွေးနွေးပွဲတခုကို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်ခဲ့ရာမှာ ဂျပန်နိုင်ငံရဲ့ လက်ရှိ အစိုးရ အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာပဲ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဂျပန်အာဏာပိုင်တွေကို အခုလို တိုက်တွန်းသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ဂျပန် အာဏာရ အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဂျပန်နိုင်ငံက အလုပ်သမား အဖွဲ့ကြီးတွေက ကိုယ်စားလှယ်တွေ၊ အာဆီယံ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ မြန်မာ့ရေးရာ နှီးနှောဖလှယ်ပွဲကြီးမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းက သူ့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။

“ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ကမ်းလှမ်းချက်တွေကို နအဖ စစ်အစိုးရအနေနဲ့ လိုက်လျောလာစေဖို့အတွက် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေဟာ နိုင်ငံတကာ မိသားစုနဲ့အတူ စစ်အစိုးရကို နည်းမျိုးစုံ ဖိအားပေး ဆောင်ရွက်ပေးဖို့၊ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးကို ဦးတည်ပြီးတော့၊ နောက်တချက်က ဂျပန်နိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဦးတည်ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့၊ ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ကမ်းလှမ်းချက်တွေအတိုင်း မအောင်မြင်ခဲ့ဘူးဆိုရင် ကျနော်တို့တိုင်းပြည် မြန်မာနိုင်ငံ တခုတည်းပဲ ဒုက္ခရောက်မှာ မဟုတ်ဘူး၊ ဂျပန် အပါအဝင် ဒေသတွင်း နိုင်ငံတွေပါ ဒုက္ခရောက်လိမ့်မယ်ဆိုတာ အဓိက ကျနော် ထောက်ပြတယ်။ အဲဒါ အဓိကအချက် ဖြစ်ပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မရဘူး၊ မရှိဘူး၊ ဒီမိုကရေစီ ပြည်ထောင်စုကို မထူထောင်နိုင်ဘူးဆိုရင် စစ်အာဏာရှင်စနစ်ရဲ့ အောက်မှာ အဏုမြူ နျူကလီးယား နည်းပညာတွေဟာ ငြိမ်းချမ်းတဲ့နည်းအတွက် အသုံးချမှာ မဟုတ်ဘူးဆိုတာ အဓိက ထောက်ပြတယ်။”

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံကို မြန်မာစစ်အစိုးရအနေနဲ့ ပြင်ဆင်မှု မရှိခဲ့ဘူးဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးခဲ့ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို မထောက်ခံဘို့လည်း ဆွေးနွေးသွားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ဂျပန် အာဏာရပါတီက ခေါင်းဆောင်တွေ ပါဝင်တာကြောင့် အားရမိတယ်ဆိုတဲ့ အကြောင်းကိုလည်း ဦးခွန်မြင့်ထွန်းက ပြောပြပါတယ်။

“ဝန်ကြီး ဖူကူရှီးမားတက်တယ်။ တက်တဲ့အခါ သူပြောတာက ဒီနေ့အခမ်းအနားကို သူတက်တာ ဝန်ကြီးတယောက်အနေနဲ့ တက်တာပါလို့ ပြောတယ်။ ပြီးတော့ နိုင်ငံခြားရေး ဒုတိယဝန်ကြီးလည်း လာတက်တယ်၊ အဲဒါ အစိုးရအဖွဲ့ထဲက။ နောက်တခုက ဂျပန်မှာရှိတဲ့ လွှတ်တော်အမတ်များ သမဂ္ဂရဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးလည်း လာတက်တယ်။ အဲဒီပုဂ္ဂိုလ်တွေဟာ ဒီနေ့ အာဏာရထားတဲ့ ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဖြစ်ပါတယ်။ အာဏာရ အစိုးရရဲ့ ပုဂ္ဂိုလ်တွေ လာရောက်ပြီး နားထောင်တာ ဖြစ်ပါတယ်။ အဲဒါကတော့ ဒီပွဲရဲ့ ထူးခြားချက်ပါပဲ။

“နောက်တခု သူတို့ ပြောသွားတာက သူတို့ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ဖို့၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တိုက်တွန်းခဲ့တာကိုလည်း သူတို့က အလေးအနက် ကျနော်တို့ကို ပြန်ပြီး ပြောပြသွားပါတယ်။”

မြန်မာ့အရေး လှုပ်ရှားသူ တဦးလည်းဖြစ်၊ ဂျပန်နိုင်ငံက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဂျပန်နိုင်ငံ ဌာနခွဲရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကိုသောင်းမြင့်ဦးကတော့ ဂျပန်မှာ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ မြန်မာ့အရေး လုပ်ဆောင်သူတွေနဲ့ အခုလို ဆွေးနွေးတာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း ပြောပြပါတယ်။

“ဝန်ကြီးရော ဒု-ဝန်ကြီးရော တက်ပြီးတော့ မြန်မာ့အရေးုကို ထောက်ခံ အားပေး ပြောဆိုသွားတာ ဒါ ပထမဆုံး အကြိမ်လို့လည်း ပြောလို့ရပါတယ်။ ပြီးတော့ လက်ရှိအာဏာရ ဒီမိုကရက်တစ်ပါတီကလည်း မြန်မာ့ဒီမိုကရေစီ အရေးကို တစိုက်မတ်မတ် ထောက်ခံ အားပေးနေတဲ့ ပါတီက အာဏာရတာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီလိုမျိုး ဖြစ်တယ်လို့ ယူဆလို့ရပါတယ်။”

ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားတဲ့ ၂၆ ဖွဲ့နဲ့အတူ ဂျပန်က အလုပ်သမား သမဂ္ဂတွေ၊ မြန်မာ့အရေးလုပ်တဲ့ ဂျပန်အဖွဲ့တွေ ပူးပေါင်းလုပ်တဲ့ ပွဲကြီးဖြစ်ပြီး ထိုင်းနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြောင်းလည်း ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG