သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ် အကူအညီပေးသူတွေ ပြန်လွှတ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို


နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေကို အကူအညီပေးဖို့ ကြိုးစားသူတွေအပေါ် စစ်အစိုးရက ဖမ်းဆီး အရေးယူ နေတဲ့အတွက် ဒီလို ဖိနှိပ်မှုတွေ ရပ်တန့်အောင် နိုင်ငံတကာ အလှူရှင်တွေ အနေနဲ့ ဝိုင်းဝန်းတိုက်တွန်းဖို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ မုန်တိုင်းဒဏ် ခံခဲ့ရတာ ၁၈ လလောက် ရှိခဲ့ပေမဲ့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်ပြီး လိုအပ်တဲ့ အကူအညီတွေ လုံလုံလောက်လောက် ပေးဖို့လည်း နိုင်ငံတကာကို မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မနက်ဖြန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့က ကြီးမှူးပြီးတော့ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်သုံးသပ်ဖို့နဲ့ နိုင်ငံတကာကနေ အလှူငွေတွေ ဆက်လက်တောင်းခံဖို့ အစည်းအဝေးတခု ကျင်းပဖို့ ရှိပါတယ်။ ဒီအစည်းအဝေး မတိုင်ခင် နိုင်ငံတကာ အလှူရှင်တွေကို Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ပန်ကြားချက် ထုတ်ပြန်လိုက်တာပါ။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့ မြန်မာ့ရေးရာ သုတေသနမှူး တယောက်ဖြစ်တဲ့ ဘန်ဂျမင် ဇာဝက်ကီး (Benjamin Zawacki) က အခုလို ပြောပါတယ်။

“ကျနော်တို့ စိုးရိမ်မိတဲ့အချက် နှစ်ချက်ရှိပါတယ်။ တချက်ကတော့ မြန်မာနိုင်ငံ အတွင်းမှာ နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့သူတွေကို အကူအညီပေးဖို့ ကြိုးစားတဲ့ သူတွေအပေါ် အာဏာပိုင်တွေက ပစ်မှတ်ထားပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတဲ့ ကိစ္စပါ။ ဒုတိယ တချက်ကတော့ နာဂစ် ပြန်လည်ထူထောင်ရေးဟာ တကယ်တမ်း ငွေကြေး လုံလုံလောက်လောက် အကူအညီတွေ နိုင်ငံတကာကနေ မရတဲ့ကိစ္စပါ။ ဒီနှစ်ချက်ကို အလေးအနက်ထားဖို့ နိုင်ငံတကာ အလှူရှင်တွေကို အသိပေးတာပါ။” ဆိုပြီး ဘန်ဂျမင် ဇာဝက်ကီးက ပြောသွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ပိုင်းမှာ နာဂစ်မုန်တိုင်းဒဏ် ခံရတဲ့သူတွေကို အကူအညီပေးဖို့ ပြည်ပက အကူအညီ လက်ခံခဲ့တဲ့သူ အနည်းဆုံး ၁၀ ယောက် အဖမ်းခံခဲ့ရတယ်လို့ Amnesty International အဖွဲ့က ပြောပါတယ်။ ဒီလို ဖမ်းဆီးခံရတဲ့ သူတွေကို ဘယ်မှာထားတယ်၊ ဘယ်လို အရေးယူ တရားစွဲဆိုထားတယ် ဆိုတာ တိတိကျကျ မသိရပေမဲ့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က တဆင့် ရရှိခဲ့တဲ့ သတင်းတွေ ဖြစ်တယ်လို့ ဘန်ဂျမင် ဇာဝက်ကီးက ပြောဆိုသွားပါတယ်။

အောက်တိုဘာလကုန် ဖမ်းဆီးခံခဲ့ရသူ ၇ ယောက်ဟာ ပြည်တွင်းမှာ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး လူမှုထောက်ပံ့ရေး လုပ်ငန်းတွေ လုပ်ဖို့ ဖွဲ့စည်းထားတဲ့ လင်းလက်ကြယ်အဖွဲ့က ဖြစ်တယ်လို့လည်း လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နာဂစ် ပြန်လည်ထူထောင်ရေးမှာ ၃ နှစ်အတွက် အလှူငွေ ဒေါ်လာသန်းပေါင်း ၆၉၁ သန်း လိုအပ်တယ်လို့ TCG ခေါ် ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရ ပေါင်းစည်းထားတဲ့ နာဂစ် ကယ်ဆယ်ရေးနဲ့ ထူထောင်ရေး သုံးပွင့်ဆိုင်အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဒေါ်လာ ၁၂၅ သန်းသာ ပေးဖို့ ကတိကဝတ် ပေးထားတဲ့အတွက် လိုအပ်တဲ့ အကူအညီရဲ့ လေးပုံတပုံတောင် ပြည့်မီအောင် ရတာ မတွေ့ရပါဘူး။

အလှူရှင်နိုင်ငံတွေက ဘာကြောင့် အကူအညီတွေ အပြည့်အ၀ မပေးတာလို့ မြင်ပါသလဲဆိုပြီး မေးကြည့်တော့ ဘန်ဂျမင် ဇာဝက်ကီးက …

“နိုင်ငံတကာ အသိုင်းအဝိုင်း အကြားမှာ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေး အကူအညီ ငွေတွေကို အမှန်တကယ် လိုအပ်တဲ့ နေရာတွေကို အပြည့်အ၀ ရောက်အောင် မပို့နိုင်ခဲ့ဘူးလို့ မြင်နေတာတွေ ရှိပါတယ်။ ၂၀၀၈ ခုနှစ်အတွင်း ကယ်ဆယ်ရေး အကူအညီတွေကို စစ်တပ်က ကြားဝင်ပြီး ဟန့်တားတာ၊ ရယူတာတွေ ရှိခဲ့တယ်လို့ မြင်နေတာတွေ ရှိနေတယ်လို့ ကျနော် ထင်ပါတယ်။

“ဒီအခြေအနေမျိုးတွေ မရှိနိုင်တော့ဘူးလို့ ကျနော်တို့က ပြောတာ မဟုတ်ပါဘူး၊ အတိုင်းအတာ တခုအထိ ဆက်ရှိနိုင်ပါတယ်။ ဒါပေမဲ့ အကူအညီတွေ အမှန်တကယ် လိုနေတယ်။ ထင်သာမြင်သာရှိပြီး တာဝန်ယူမှုရှိတဲ့ ခွဲခြားဆက်ဆံမှု မရှိတဲ့ အကူအညီ ပေးမှုမျိုးတွေနဲ့ ဆက်ထောက်ပံ့ဖို့ လိုပါတယ်။ ဒါကို ကျနော်တို့က ပြောတာပါ။” ဆိုပြီး Amnesty International အဖွဲ့ကြီးရဲ့ မြန်မာ့ရေးရာ သုတေသနမှူး တယောက်ဖြစ်တဲ့ ဘန်ဂျမင် ဇာဝက်ကီးက ပြောသွားပါတယ်။

နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီတွေ လိုအပ်နေတဲ့အကြောင်း အာဆီယံနဲ့ ကုလသမဂ္ဂက မကြာခဏ ပြောဆိုခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းမှာပဲ အမေရိကန် အစိုးရက နာဂစ် ပြန်လည်ထူထောင်ရေးအတွက် အစိုးရလက်အောက်ခံ မဟုတ်တဲ့ အဖွဲ့တွေကဆင့် အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးဖို့ သဘောတူခဲ့ပါတယ်။ ဥရောပအဖွဲ့ဝင် နိုင်ငံတွေကတော့ ဘဝရပ်တည်ရေးနဲ့ စားနပ်ရိက္ခာ အထောက်အပံ့ ရန်ပုံငွေအတွက် ဒေါ်လာ ၅၁ သန်း ပေးဖို့ သဘောတူထားပါတယ်။ သြစတြေးလျ နိုင်ငံကလည်း ဒေါ်လာ ၁၅ သန်း အကူအညီပေးဖို့ ဒီသီတင်းပတ်ထဲမှာပဲ ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG