သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ ဝန်ကြီးချုပ်နဲ့ သမ္မတ အိုဘားမား အိမ်ဖြူတော်မှာ တွေ့ဆုံ


အမေရိကန် သမ္မတ အိုဘားမား (Obama) ဟာ သူ့သမ္မတ သက်တမ်းအတွင်း ပထမဦးဆုံးအကြိမ် နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manmohan Singh) ကို ခရီးဦးကြို ပြုခဲ့ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဥတုရာသီ ပြောင်းလဲမှု၊ ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတဲ့ ကမ္ဘာကို စိန်ခေါ်နေတဲ့ ကိစ္စရပ်တွေကို ရင်ဆိုင်ဖို့၊ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံး လက်နက်တွေ ပြန့်ပွားနေတာကို တားဆီးရေးတို့မှာ အမေရိကန်နဲ့ အိန္ဒိယတို့ လက်တွဲ လုပ်ကိုင်သွားနိုင်တယ်လို့ ဒီနေ့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ ခရီးဦးကြို အခမ်းအနားမှာ သမ္မတ အိုဘားမား ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ ဗျူဟာကျ ဆက်ဆံရေးကို ပိုပြီးခိုင်မာအောင်၊ ပိုပြီး အားကောင်းအောင်လို့ အိန္ဒိယက လုပ်ဆောင်မှာ ဖြစ်တယ်၊ အပြောင်းအလဲတွေ သိပ်မြန်ဆန်တဲ့ ကမ္ဘာကြီးက စိန်ခေါ်မှုတွေကို နှိမ်နင်းရေးမှာ လက်တွဲလုပ်ဆောင်ကြမယ်လို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းက ပြောပါတယ်။

အခုလောလောဆယ် သမ္မတ အိုဘားမားက ဝန်ကြီးချုပ် ဆင်းနဲ့ သီးသန့် ဆွေးနွေးနေပါတယ်။ နောက်ပိုင်း ဝန်ကြီးချုပ်နဲ့ သူ့ဇနီးကို အိမ်ဖြူတော်မှာ ညစာတည်ခင်းမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဥတုရာသီ ပြောင်းလဲမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွေကို ဆွေးနွေးကြမယ်လို့ ယူဆရတဲ့အပြင် အာဖဂန်နစ္စတန်နိုင်ငံရဲ့ စစ်ပွဲက အိန္ဒိယရဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကို ပိုပြီးတော့ မငြိမ်မသက် ဖြစ်စေနိုင်တဲ့ အခြေအနေအတွက် အိန္ဒိယအစိုးရထဲမှာ ပူပန်သူတွေ ရှိနေတာနဲ့ ပတ်သက်ပြီးလည်း ပြောကြမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG