သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ် ပြန်လည်ထူထောင်ရေး နိုင်ငံတကာ အကူအညီ မလုံလောက်


နာဂစ်ပြန်လည်ထူထောင်ရေး အကူအညီတွေကို အရင်က တောင်းထားတဲ့ ၃ နှစ် စီမံချက်အစား အရေးပေါ် လိုအပ်တဲ့ ဦးစားပေး အစီအစဉ်တွေ အတွက်ကိုပဲ ပေးဖို့ နိုင်ငံတကာကို အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရ ပေါင်းထားတဲ့ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) အကူအညီပေးရေး အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒါကြောင့်လည်း အမေရိကန်ဒေါ်လာ ၈၈ သန်း ပေးမယ်လို့ နိုင်ငံတကာက ကတိပေးလိုက်ပါတယ်။

ဒါပေမဲ့ မုန်တိုင်းဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေး TCG အဖွဲ့ရဲ့ ကူညီခွင့်ကို လာမယ့် ၂၀၁၀ ခုနှစ် ဇူလိုင်လအထိပဲ မြန်မာစစ်အစိုးရက ခွင့်ပြုထားတဲ့အတွက် ရှေ့အနာဂတ်မှာ ဘယ်လိုကူညီမလဲ ဆိုတဲ့ နည်းလမ်းတွေကိုတော့ ရှာနေကြဆဲ ဖြစ်ပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး အတွက် အရင်တုန်းက လာမယ့် ၃ နှစ် စီမံချက်အတွက် အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုအပ်တယ်ဆိုပြီး TCG အာဆီယံ၊ ကုလသမဂ္ဂနဲ့ မြန်မာစစ်အစိုးရ ပေါင်းစည်းထားတဲ့ သုံးပွင့်ဆိုင် ကူညီကယ်ဆယ်ရေး အဖွဲ့က ပြောခဲ့ဖူးပါတယ်။ အခုတော့ အရေးပေါ် ဦးစားပေးရမယ့် လုပ်ငန်းတွေအတွက်ပဲ အကူအညီ တောင်းခံတယ်ဆိုတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သူတို့ပေးမယ့် အကူအညီတွေကို ကတိက၀တ် ပြုခဲ့တယ်ဆိုပြီး အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“သတင်းကောင်းတခုကတော့ ဒီနေ့မနက်ပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေက နာဂစ် ပြန်လည်ထူထောင်ရေး ဦးစားပေး လုပ်ဆောင်ရမယ့် အစီအစဉ်တွေအတွက် ကျနော်တို့ တောင်းထားတဲ့ အမေရိကန်ဒေါ်လာ ၁၀၃ သန်းထဲက ၈၈ သန်းကို ပေးမယ်ဆိုပြီး ကတိက၀တ် ပြုသွားပါတယ်။” လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်က ပြောသွားပါတယ်။

စောစောပိုင်းက ၆၉၁ သန်းထဲက ၁၀၃ သန်းပဲ ပေးဖို့ TCG အဖွဲ့က ပြန်လည်တောင်းခံခဲ့တာပါ။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေက လိုအပ်တာထက် အများကြီး လိုနေသေးတယ်ဆိုပြီး TCG အဖွဲ့ အရာရှိတွေက ပြောဆိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေ တိုးတက်မှုမရှိဘူး၊ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မြောက်ဘဲ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆက်လက် ထိန်းသိမ်းခံနေရမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အခုပေးထားတဲ့ အကူအညီတွေကို ပြန်လည် ရုပ်သိမ်းမသွားနိုင်ဘူးလား၊ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်ကတော့ …

“နိုင်ငံရေး အခြေအနေ တိုးတက်မှုမရှိဘူး ဆိုရင် အခုပေးထားတဲ့ အလှူငွေတွေကို ပြန်ရုပ်သိမ်းကောင်း ရုပ်သိမ်းနိုင်တယ် ဆိုပြီးတော့ ခင်ဗျားတို့က ပြောနေပေမဲ့ နိုင်ငံရေး အခြေအနေ ပိုကောင်းလာတယ် ဆိုရင်လည်း အကူအညီတွေ ဒီ့ထက်မက ရနိုင်တယ် ဆိုတဲ့ဘက်က တွက်စေချင်ပါတယ်။ ရေတခွက်ကို တ၀က်ပဲရှိတယ်လို့ မြင်တဲ့သူနဲ့ တ၀က်တောင်ရှိပါလားလို့ မြင်တဲ့သူ အမြင်နှစ်မျိုး ကွဲပြားသလိုမျိုး အကောင်းဘက်က ကြည့်စေချင်ပါတယ်။” ဆိုပြီး ပြောသွားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်က ဒီလိုပြောပေမဲ့လည်း TCG အဖွဲ့ မြန်မာနိုင်ငံအတွင်းမှာ ကူညီဆောင်ရွက်ခွင့်ကို လာမယ့် ၂၀၁၀ ဇူလိုင်လအထိပဲ မြန်မာစစ်အစိုးရက ခွင့်ပြုထားပါတယ်။ မြန်မာစစ်အစိုးရဘက်က အကြောင်းပြတာက ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပြီး အစိုးရသစ် ဖွဲ့စည်းမှာ ဖြစ်တဲ့အတွက် အကူအညီပေးရေး ကိစ္စတွေကို အစိုးရသစ်နဲ့ပဲ ညှိနှိုင်းဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။

ဒါကြောင့် TCG အဖွဲ့ရဲ့ အနာဂတ် အခန်းကဏ္ဍ ဘယ်လိုရှိမလဲ၊ အကူအညီပေးရေး လုပ်ငန်းတွေကရော ရှေ့ဆက် လုပ်ကိုင်နိုင်ပါ့မလား၊ မေးခွန်းထုတ်တာနဲ့ ပတ်သက်လို့တော့ အာဆီယံ ခေါင်းဆောင်တွေ၊ NGO အဖွဲ့အစည်းတွေက နာဂစ်မုန်တိုင်း အကူအညီပေးရေး လုပ်ငန်းတွေကို မဖြစ် ဖြစ်တဲ့နည်းနဲ့ အကူအညီ ပေးနိုင်အောင် အစိုးရ ၀န်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် နည်းလမ်းတွေ ရှာကြံနေပါတယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်မြို့က ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး တာဝန်ခံ မစ္စတာ ဘစ်ရှိုး ပါရာဂျူလီကတော့ မြန်မာနိုင်ငံအတွင်း အကူအညီတွေ လိုအပ်နေတဲ့ အနေအထားနဲ့ ပတ်သက်ပြီး အခုလို သတင်းထောက်တွေကို ပြောပြပါတယ်။

“အင်ဒိုနီးရှားမှာ မြန်မာနိုင်ငံလို အလားတူ သဘာဝ ဘေးအန္တရာယ်တွေ ကြုံခဲ့ရတဲ့အချိန် နိုင်ငံတကာက အမေရိကန်ဒေါ်လာ သန်းပေါင်း ၇,၀၀၀ အင်ဒိုနီးရှားနိုင်ငံ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ကူညီပေးခဲ့တာတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူ ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၃,၀၀၀,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းအတွက် နိုင်ငံတကာ အကူအညီက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀ ကျော်ပဲ ရခဲ့တာပါ။ ကျန်းမာရေး၊ စီးပွားရေး၊ လူတွေဘ၀ ပြန်လည်ထူထောင်ရေး အတွက် အကူအညီတွေ အများကြီး လိုနေပါသေးတယ်။ ဒီအကူအညီတွေကို ဆက်ပေးနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။” ဆိုပြီး ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာ ဘစ်ရှိုး ပါရာဂျူလီ ပြောသွားတာ ဖြစ်ပါတယ်။

ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ တဦးဖြစ်တဲ့ ဦးအေးဝင်းကလည်း နာဂစ်မုန်တိုင်း ပြန်လည်ထူထောင်ရေးဒေသ အကူအညီတွေ လိုအပ်နေတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“သူတို့ မိမိဘ၀ မိမိ ပြန်လည်ထူထောင်ဖို့ကတော့ လိုသေးတယ်။ ကျန်းမာရေး၊ ပညာရေး၊ အဓိကကတော့ အမိုးအကာ လုံခြုံမှု၊ ဒီဟာတော့ အဓိက အကျဆုံးပဲခင်ဗျ။ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်ထောင်စုတွေမှာ ကောင်းကောင်းမွန်မွန် ပြန်ပြီးတော့ တည်ဆောက်ပေးနိုင်တဲ့ အိမ်ခြေက ၂၄,၀၀၀ ကျော်ပဲရှိသေးတယ်။ လိုအပ်ချက်က တအားကွာနေတယ်။ ၁၇၀,၀၀၀ ကျော်လောက်ကို ထပ်လိုသေးတယ်လို့ ပြောတယ်။ ဒါ ရန်ကုန်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရော၊ INGO တွေရော တွက်တဲ့ ကိန်းဂဏန်းပါ။”

နာဂစ်မုန်တိုင်းဒဏ် ပြန်လည်ထူထောင်ရေး ဒေသမှာ အကူအညီတွေ လိုအပ်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ တဦးဖြစ်တဲ့ ဦးအေးဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG