သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်မှု လျှောက်လဲချက် ရှေ့နေနှင့် ညှိနှိုင်း


နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးချုပ်မှာ ပြင်ဆင်မှု တင်ထားတဲ့ကိစ္စကို ဒီကနေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် အမှုကို လိုက်ပါ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ပြန်ထွက်လာတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့အတူ နေအိမ်မှာ အတူရှိနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့ အမှုတွေအတွက်ပါ တရားရုံးချုပ်မှာ တင်ထားတဲ့ ပြင်ဆင်မှုရဲ့ လျှောက်လဲချက်တွေအတွက် ဒီနေ့ညနေ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ရှေ့နေတွေနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းကို NLD ပြောခွင့်ရသူလည်းဖြစ်၊ အမှုအတွက် အကျိုးဆောင်ပေးနေတဲ့ ရှေ့နေလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ တရားရုံးချုပ် တင်ထားတဲ့ ပြင်ဆင်မှုကိစ္စ၊ ပြင်ဆင်မှုမှာ လျှောက်လဲချက်ပေးဖို့ ကျနော်တို့ရေးတားတဲ့ စာကြမ်းတွေနဲ့ ညှိကြပါတယ်။ နှစ်ခုပေါ့၊ တခုက ဒေါ်ခင်ခင်ဝင်းတို့ နှစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်က တမှုပါ။ ဒေါ်ခင်ခင်ဝင်းတို့က တမှုပါ။ နှစ်မှုစလုံးအတွက် ကျနော်တို့ ဆွေးနွေးကြတယ်။အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ အပြည့်အစုံ ဆွေးနွေးပြီးတော့ လျှောက်လဲချက်တွေ ပြန်ပြီး ပြင်ဆင် ဖြည့်စွက်ရမှာပေါ့။”

ဒီကနေ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေထဲက အမှုရဲ့ ဘယ်လို အချက်အလက်တွေပေါ်မှာ အဓိက ဆွေးနွေးခဲ့ကြပါသလဲလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ သူက…

“ဒါ ဥပဒေအရ ဒီအမှုဟာ ရပ်တည်မှု မရှိတော့ဘူး ဆိုတာကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေပေါ့၊ ဘယ်အချက်ကို ပြောမယ်၊ ဘယ်အချက်ကို မပြောတော့ဘူးဆိုတာ ဆွေးနွေးကြတာပါ။ ချက်ချင်း ကျနော်တို့ ပြောလို့မရဘူး။ ကျနော်တို့ဘက်က Prepare ဖြစ်မှ တွေ့ရမှာ။ အခု ဒီနေ့ ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ပြန်ပြီးတော့ ပြင်ဆင် ဖြည့်စွက်ရမှာတွေ ရှိတယ်လေ။ ဒါတွေပြီးမှ ကျနော်တို့က ပြန်တင်ပြရမှာ။ တဘက်ကလည်း တရားရုံးချုပ်မှာ အမှုစာရင်းက မပေါ်သေးဘူး။ မနက်ဖြန် ပေါ်ကောင်း ပေါ်နိုင်တယ်ပေါ့။”

အခုလို အမှုရဲ့ လျှောက်လဲ ပြင်ဆင် ဆွေးနွေးမှုတွေအပြင် တခြား အကြောင်းအရာတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆွေးနွေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဆွေးနွေးခဲ့တာ ဒီအမှုအပြင် ဒီ့ပြင် အများကြီး ဆွေးနွေးပါတယ်။ ကျနော်တို့ ပါတီတွင်း ကိစ္စတွေတော့ ဆွေးနွေးတာ ရှိပါတယ်။ ဒါလည်း သတင်းထုတ်ပြန်စရာ အချက်အလက် မပါပါဘူး။”

ရန်ကုန်တိုင်း တရားရုံးမှာ ပုံမှန်ဆိုရင် သောကြာနေ့တိုင်း အမှုတွေကို စစ်ဆေးမယ့်စာရင်းကို ထုတ်ပြန်တာမို့ မနက်ဖြန်မှာ ဒီအမှုစာရင်း ပါမပါ စောင့်ကြည့်နေဆဲ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့က သောကြာနေ့တိုင်း အမှုစာရင်းကို ကြည့်မယ်။ ကိုယ့်အမှုပါတယ်၊ ဘယ်နေ့ ဘယ်ရက်ဆိုရင် အဲဒီအမီ ကိုယ့်ဘက်က Prepare လုပ်ရတာပေါ့။ အခုကတော့ မပေါ်သေးတော့ ပုံမှန်ပဲလုပ်နေတာ။ ပေါ်တယ်ဆိုရင်တော့လည်း အားချင်းလုပ်ရမှာပေါ့။ အဲဒါ မနက်ဖြန် ကြည့်ရမယ်။ မနက်ဖြန် မပါရင် နောက်တပတ် သောကြာ ကြည့်ရမယ်။ တင်ဖို့ကတော့ ဒေါ်စု ဆွေးနွေးခဲ့တဲ့ အချက်တွေအပေါ်မှာ ပြင်ဆင်ရေးသားပြီး တင်ရမှာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို အကျိုးဆောင်ပေးနေတဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေတွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း အပါအဝင် ကျန်ရှေ့နေ ၂ ဦးစလုံးပါ ဒီနေ့ညနေ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ရပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့လည်း ပြောပါတယ်။

နောက်တခါ ဒီလပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ပေးပို့ခဲ့တဲ့ စာနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က တစုံတရာ ခုချိန်ထိ အကြောင်းပြန်တာ မရှိသေးသလို ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စကို ဘာမှ ထပ်ပြောလိုက်တာ မရှိဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG