စင်ကာပူ အခြေစိုက် ရေကြောင်း အင်ဂျင်နီယာ ကုမ္ပဏီတခုဟာ နောက်နှစ်ဆန်းကစပြီး မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ဓါတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်း ချထားဖို့အတွက် ဒေါ်လာသန်းချီတဲ့ လုပ်ငန်း ကန်ထရိုက်တခု လက်မှတ်ရေးထိုး လိုက်ပါတယ်။
မိုင် ၉၀ ရှည်လျားတဲ့ ဓါတ်ငွေ့ပိုက်လိုင်း သယ်ဖို့ ဒေါ်လာ ၇၇ သန်းတန် စာချုပ်တခုကို အမည်မဖော်ထားတဲ့ မြန်မာကုမ္ပဏီတခုနဲ့ ဆွိုင်ဘာ (Swiber Holdings Company Ltd.) တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အကြောင်း ကုမ္ပဏီက သောကြာနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်တာတွေကို နောက်လမှာ စမယ်လို့ ဆွိုင်ဘာ ကုမ္ပဏီက ပြောပါတယ်။ ၂၀၁၀ ခုနှစ် ပထမ သုံးလပတ်မှာ လုပ်ငန်းခွင် စတင်မှာဖြစ်ပြီး ၆ လအတွင်း ပြီးစီးမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားဆဲ ရှိပေမယ့် စင်ကာပူ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်း နိုင်ငံတွေကတော့ မြန်မာစစ်အစိုးရနဲ့ စီးပွားကုန်သွယ် ဆက်ဆံရေးတွေ ထူထောင်ထားပါတယ်။