နိုင်ငံပေါင်း ၃၅ နိုင်ငံ ပါဝင်တဲ့ IAEA အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီရဲ့ ဗီယင်နာ မြို့ စည်းဝေးပွဲမှာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ အဆိုတရပ်ကို မဲခွဲချမှတ်လိုက်ပါတယ်။
အီရန်နိုင်ငံအနေနဲ့ ယူရေနီယံ သန့်စင်မှု ရပ်ဆိုင်းရမယ်။ မကြာသေးခင်က ဖော်ထုတ်လိုက်တဲ့ ယူရေနီယံ သန့်စင်တဲ့ အလုပ်ရုံ ဆောက်လုပ်နေတာကိုလည်း ရပ်ဆိုင်းရမယ်။ လျို့ဝှက် နျူကလီးယား လုပ်ငန်း လုပ်နေတာမရှိဘူး ဆိုတာလည်း အီရန်နိုင်ငံ အနေနဲ့ အတည်ပြု ဖော်ပြရမယ်လို့ ဆိုထားတဲ့ အဲဒီအဆိုကို ရုရှားနဲ့ တရုတ်နိုင်ငံတို့ကလည်း ထောက်ခံလို့ ဒီတကြိမ်မှာ ထူးခြားတယ်လို့ သတင်းများမှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံခြားရေး ၀န်ကြီးဌာနကတော့ အီရန်ကို ဖိအားပေးတဲ့ IAEA အဖွဲ့ရဲ့ ဒီဝေဖန်ချက်ဟာ အသုံးမ၀င်တဲ့လုပ်ရပ်လို့ ခေါ်ဆိုလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ ဆိုင်ရာ အီရန်သံအမတ် အလီအက်စ်ကာ ဆိုတာနီးယား က အဲဒီဝေဖန်ချက်က အီရန်ရဲ့ နျူကလီးယား နဲ့ပတ်သက်ပြီး အပြုသဘော ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်သွားစေလိမ့်မယ်လို့ သတိပေး ပြောဆိုသွားပါတယ်။