သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ယူရေနီယံ သန့်စင်ရေးစက်ရုံ ၁၀ ခု ထပ်ဆောက်ဖို့ စီစဉ်


အီရန်နိုင်ငံ နက်တန့်ဇ် (Natanz) မြို့က နျူကလီးယား သန့်စင်မှု လုပ်ငန်းတွေ အဓိက လုပ်ကိုင်တဲ့ စက်ရုံတွေလိုမျိုး နောက်ထပ် စက်ရုံသစ် ၁၀ ခု ဆောက်ဖို့ အစီအစဉ်ရှိတယ်လို့ အီရန်အစိုးရက ပြောဆိုလိုက်ပါတယ်။

စက်ရုံသစ်အတွက် နေရာ ၅ နေရာကို အတည်ပြု ရွေးချယ်ထားပြီး ဖြစ်သလို အီရန်နိုင်ငံက အဏုမြူစွမ်းအင် အေဂျင်စီကိုလည်း နောက်ထပ်နေရာ ၅ နေရာ ထပ်မံရွေးချယ်ဖို့ ညွှန်ကြားထားတယ်လို့ အစိုးရပိုင် သတင်းတွေက ဖော်ပြကြပါတယ်။

နေရာသစ်တွေကိုတော့ တိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်အောင် တောင်တွေရှိရာ အရပ်မှာ တည်ဆောက်မှာဖြစ်ပြီး ထိရောက်တဲ့ လုံခြုံရေး အစီအမံတွေနဲ့ ဆောက်လုပ်သွားမှာ ဖြစ်တယ်လို့ အီရန် နျူကလီးယားဆိုင်ရာ အကြီးအကဲ အလီ အက်ခ်ဘာ ဆာလဟီ (Ali Akbar Salehi) က ပြောပါတယ်။

အီရန်နိုင်ငံက ယူရေနီယံဓာတ် သန့်စင်တဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ ထိန်းချုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကြိုးပမ်းနေချိန်မှာပဲ အချေအတင်ဖြစ်စရာ နျူကလီးယား အစီအစဉ်တွေ တိုးချဲ့လုပ်ဆောင်မယ့် အစီအစဉ်တွေကို အီရန်နိုင်ငံက ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) ကတော့ အီရန်အနေနဲ့ နိုင်ငံတကာ ကျင့်ဝတ်တွေအရ လိုက်နာရမယ့် စည်းကမ်းတွေကို အပြင်းအထန် ချိုးဖောက်ရာ ရောက်လိမ့်မယ်လို့ ပြောခဲ့တာပါ။ ဒါဟာဆိုရင် အီရန်အနေနဲ့ ကိုယ့်ဘာသာ အထီးကျန်စေမယ့် လမ်းကို ရွေးချယ်နေတယ်ဆိုတဲ့ နမူနာတခု ဖြစ်တယ်လို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံကတော့ အီရန်နိုင်ငံရဲ့ ကြေညာချက်ဟာ အထူး စိုးရိမ်စရာဖြစ်ကြောင်း ပြောဆိုလိုက်သလို ဂျာမဏီနိုင်ငံကလည်း နိုင်ငံတကာ စည်းကမ်းတွေကို လိုက်နာဖို့ အီရန်ကို တိုက်တွန်းလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG