မြန်မာနိုင်ငံရဲ့ ချွတ်ခြုံကျနေတဲ့ စီးပွားရေး အခြေအနေတွေ ပြန်လည်တိုးတက်လာရေးအတွက် စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန်နိုင်ငံက အထင်ကရ စီးပွားရေး ပညာရှင်တယောက် မြန်မာနိုင်ငံကို မကြာခင် သွားရောက်မှာ ဖြစ်ပါတယ်။ အကြောင်းစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ထိပ်တန်း စီးပွားရေးပညာရှင်ဟောင်းလည်းဖြစ်၊ စီးပွားရေးဆိုင်ရာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်လည်း ဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုးဇက် စတစ်ဂ်လစ်ဇ် (Dr. Joseph Stiglitz) ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားမယ်လို့ ထိုင်းအခြေစိုက် ကုလသမဂ္ဂရဲ့ အာရှနဲ့ ပစိဖိတ်ဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးကော်မရှင် (ESCAP) က ပြောပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ကျရင်တော့ ဒေါက်တာ စတစ်ဂ်လစ်ဇ်ဟာ နေပြည်တော်မှာ စီးပွားရေးဆိုင်ရာ အကြံပြု ဟောပြောမှာ ဖြစ်ပါတယ်။ ကျေးလက်ဒေသ စီးပွားရေး တိုးတက်ဖို့နဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် စီးပွားရေးဆိုင်ရာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို အစိုးရအနေနဲ့ ဘယ်လိုချမှတ် ဆောင်ရွက်သင့်တယ်ဆိုတာ ဒေါက်တာ စတစ်ဂ်လစ်ဇ်က အကြံပြုမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်းက စီးပွားရေး ပညာရှင်တွေ၊ ကုလသမဂ္ဂက အရာရှိတွေ၊ သံတမန်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံပြီး ကျေးလက်စီးပွားရေးအပြင် ဘဏ်စနစ်၊ ကုန်ပစ္စည်းဈေးနှုန်း၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အသိအမြင်ချင်း ဖလှယ်ဖို့ ရှိပါတယ်။ အခုလို အထင်ကရ စီးပွားရေးပညာရှင် တယောက်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံ မက်ကွိုင်ရီ (Macquire) တက္ကသိုလ် မြန်မာနိုင်ငံ စီးပွားရေး စောင့်ကြည့်ရေးအဖွဲ့ကို ဦးဆောင်သူ စီးပွားရေး ပါမောက္ခ ဒေါက်တာ ရှောင် တာနဲလ် (Dr. Sean Turnell) က အခုလို ကောက်ချက်ချပါတယ်။
“ပါမောက္ခ စတစ်ဂ်လစ်ဇ် သာမက ဘယ်စီးပွားရေး ပညာရှင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံကိုသွားရင် ဒုတိယ ကမ္ဘာစစ်ပြီး ကာလကတည်းက အဆိုးရွားဆုံးလို့ ပြောရမယ့် စီးပွားရေး အခြေအနေတွေကို ရင်ဆိုင်ရမှာပါ။ ဒါတောင် ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံ စီးပွားရေးဟာ အားလုံးနီးပါး ပျက်စီးခဲ့ရတာပါ။ ဆိုတော့ ခုအခြေအနေဟာ ဘယ်လောက်ဆိုးလဲဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ စိုက်ပျိုးရေးအတွက် လယ်သမားတွေ အရင်းအနှီး လုံး၀ ချွတ်ခြုံကျနေတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ ပါမောက္ခ စတစ်ဂ်လစ်ဇ် ကိုယ်တိုင်ကလည်း အဲဒီလို ကျေးလက်စိုက်ပျိုးရေး အမတော်ကြေး ရရှိရေး ကိစ္စတွေမှာ အထူးကျွမ်းကျင်သူ ဖြစ်ပါတယ်။”
ဆက်လက်ပြီး ပါမောက္ခ တာနဲလ်က မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ်အဖြစ် ဆာလောင် ငတ်မွတ်မှု ဘေးအတွက် စိုးရိမ်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်လို့ ပြောပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်လာဖို့အတွက် သိသာထင်ရှားတဲ့ နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးရေးတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ အရင်လုပ်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ တကယ်အလုပ်ဖြစ်ဖို့အတွက် အရင်ဦးဆုံး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်တို့၊ ဗီယက်နမ်တို့နဲ့ နှိုင်းပြီး အဲဒီနိုင်ငံတွေဟာ အာဏာရှင်နိုင်ငံတွေ ဖြစ်ပေမဲ့ စီးပွားရေး တိုးတက်အောင် လုပ်နိုင်တယ် ဆိုပြီးတော့ တချို့က နားလည်လွဲပါတယ်။
“ဥပမာ တရုတ်မှာ အဂတိလိုက်စားမှု ပြဿနာ ရှိနေသေးပေမဲ့ အစိုးရက ပြည်သူတွေရဲ့ လယ်ယာမြေ ပိုင်ဆိုင်ခွင့်ကို သိသိသာသာ အကာအကွယ် ပေးပါတယ်။ အကျိုးအမြတ်များတဲ့ စီးပွားရေးလုပ်ငန်းတွေ တော်တော်များများကို အစိုးရက လက်ဝါးကြီး မအုပ်ဘဲ အများကြီး လျှော့ပေးခဲ့ပါတယ်။ တရုတ်နဲ့ ဗီယက်နမ် ခေါင်းဆောင်တွေလို မြန်မာစစ်ခေါင်းဆောင်တွေမှာ တိုင်းပြည်ကို ဘယ်လို ခေတ်မီ စီးပွားဖြစ်အောင် လုပ်မလဲဆိုပြီး လေးလေးနက်နက် အာရုံစိုက် လုပ်ဆောင်တာကို မတွေ့ရသေးပါဘူး။”
အခုလို ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပညာရှင်အဖြစ် အမှုထမ်းခဲ့သူတဦး မြန်မာနိုင်ငံကို သွားရောက်မှာမို့ လက်ရှိ ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေထုတ်ချေးမှု ရပ်ဆိုင်းထားတာတွေကို ပြန်စနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ ပါမောက္ခ တာနဲလ်က အခုလို ဖြေပါတယ်။
“ခုလောလောဆယ် မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်က ဘာမှလုပ်လို့မရတဲ့ အဓိကအချက်က တခြားမဟုတ်ပါဘူး။ မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ်ကို အကြွေးတင်နေတာတွေ အများကြီး ရှိနေတာကြောင့်ပါ။ ဒါကြောင့် မကြာခင် အချိန်အတွင်းမှာ ကမ္ဘာ့ဘဏ်ကနေ မြန်မာနိုင်ငံကို ငွေထုတ်ချေးတာတို့၊ တခြားစီမံကိန်းတွေ လုပ်လာမယ်လို့ မထင်ပါဘူး။ တချိန်ချိန်မှာတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘဏ် အပါအဝင် တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေက အကြံပေးတာတွေ ရှိကောင်း ရှိလာနိုင်ပါတယ်။ ဒါကလည်း စစ်အစိုးရဘက်က လက်ခံမလား၊ လက်မခံဘူးလား ဆိုတဲ့အပေါ် မူတည်ပါတယ်။”
ပါမောက္ခ ရှောင် တာနဲလ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်တုန်းကလည်း မြန်မာစစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဂျပန်ထိပ်တန်း စီးပွားရေး ပညာရှင်တွေ ဦးစီးပြီး မြန်မာစီးပွားရေး ပညာရှင်တွေနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ အချက်တွေ စစ်အစိုးရကို အကြံပြုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို မြန်မာစစ်ခေါင်းဆောင်တွေက ပယ်ချခဲ့တယ်လို့ ထိုင်းအခြေစိုက် အမည်မဖော်လိုသူ မြန်မာစီးပွားရေး ပညာရှင်တဦးက ကောက်ချက်ပေးခဲ့တာကို IPS သတင်းမှာ ကိုးကားထားပါတယ်။ မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ချွတ်ခြုံကျမှုအပြင် ငွေကြေးဖောင်းပွမှု ၃၀% ရှိနေတဲ့ ပြဿနာနဲ့ ပြည်သူ့ကျန်းမာရေး အခြေအနေဟာ နိုင်ငံပေါင်း ၁၉၁ နိုင်ငံအနက် ဆီရီရာ လီရွန် (Sierra Leoen) ပြီးရင် ဒုတိယ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေတာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောထားတာ ဖြစ်ပါတယ်။