သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေး အခက်အခဲ


အမေရိကန်အစိုးရက ဗမာစစ်အစိုးရနဲ့ ဆက်ဆံဆွေးနွေးနေပေမယ့် ဒဏ်ခတ်အရေးယူမှုကို မရုတ်သိမ်းသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ခတ်အရေးယူရာမှာ ထိရောက်တာရှိသလို မထိရောက်တာလည်း ရှိပါတယ်။ မြန်မာပြည်က ကျောက်စိမ်းပတ္တမြားနဲ့ လုပ်တဲ့လက်ဝက်ရတနာတွေ အမေရိကန်ကို မတင်သွင်းဖို့ ၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က ပြဌာန်းခဲ့တဲ့ Tom Lantos မြန်မာ့ကျောက်စိမ်း ပိတ်ပင်ရေးဥပဒေကို အကောင်အထည်ဖော်ရာမှာ အခက်အခဲ ရှိနေပါတယ်။ ကျောက်စိမ်းပိတ်ပင်ရေး ဥပဒေ ထိရောက်မှုရှိမရှိ လေ့လာသုံးသပ်ဖို့ တာဝန်ရှိတဲ့ GAO ခေါ် Govt. Accountability Office အစိုးရ တာဝန်ခံဌာနက လွန်ခဲ့တဲ့ စက်တင်ဘာလကုန်က ထုတ်ပြန်တဲ့ (၄၄) မျက်နှာကွန်ဂရက် လွှတ်တော်အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပါတယ်။

မြန်မာပြည်ထွက် ကျောက်စိမ်းပတ္တမြားနဲ့ လက်ဝက်ရတနာတွေကို တင်သွင်းခွင့် ပိတ်ပင်ထားပြီး မြန်မာပြည်ထွက် မဟုတ်တဲ့ ကျောက်စိမ်းပတ္တမြားနဲ့ လက်ဝက်ရတနာတွေကို တင်သွင်းခွင့်ပြုထားတာမို့ မြန်မာ့ကျောက်မျက်ရတနာကို ထိရောက်စွာ ပိတ်ပင်တားမြစ်နိုင်ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။

ဗမာစစ်အစိုးရဟာ ကျောက်မျက်ရတနာကို နှစ်စဉ်လေလံတင် ရောင်းချနေပေမဲ့ မှောင်ခိုလမ်းကြောင်းကလည်း ထွက်ပါတယ်။ တရုတ် နဲ့ ထိုင်းကို ခိုးထုတ်ကြပြီး အဲဒီမှာ လက်ဝက်ရတနာ အဖြစ် အသွင်းပြောင်းပြီးတော့ နိုင်ငံခြားကို တင်ပို့ရောင်းချတာ ဖြစ်ပါတယ်။ ဒါကြောင့် မှောင်ခိုလမ်းကြောင်းက ထွက်တဲ့ ကျောက်မျက်ရတနာဟာ ဗမာစစ်အစိုးရကို အကျိုးမပြုပါဘူး။ ကျောက်စိမ်းပတ္တမြား ပိတ်ပင်ရေး ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နဲ့ ထိုင်းတို့ရဲ့ အကူအညီ လိုပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ထိုင်းဟာ အကူအညီပေးမှာ မဟုတ်ပါဘူး။ မြန်မာ့ကျောက်မျက် ပိတ်ပင်ရေး ဥပဒေဟာ တရားဝင် ပတ္တမြားတင်သွင်းမှုကို ထိခိုက်စေတယ်လို့ ရတနာကုန်သည်တွေက ဆိုပါတယ်။

မြန်မာ့ကျောက်စိမ်းအများစုဟာ တရုတ်ပြည်မနဲ့ ဟောင်ကောင်ကို ရောက်သွားပြီး အခြားနေရာကို အနည်းအကျဉ်းသာ ရောက်ပါတယ်။ ကျောက်စိမ်းဟာ ကြက်ဥအရွယ်အစားက တတန်လေးတဲ့ ကျောက်တုံးကြီးအထိ အရွယ်အစားအမျိုးမျိုး ရှိပါတယ်။ ကချင်ပြည်နယ်က ထွက်တဲ့ ကျောက်စိမ်းတုံးကို အစိုးရက လေလံတင်ပွဲမှာ တရုတ်ကုန်သည်တွေက ဝယ်ယူပြီး တရုတ်ပြည်တောင်ပိုင်းမှာ ကျောက်စိမ်းကို အကောင်းဆုံးလို့ ယူဆတဲ့အတွက် ရှေးကတည်းက တင်သွင်းတဲ့ အစဉ်အလာရှိခဲ့ပါတယ်။ ကျောက်စိမ်းပန်းပုထုသူ တသိန်းလောက်ရှိပြီး ကျောက်စိမ်းလုပ်ငန်းနဲ့ သက်မွေးဝမ်းကျောင်းပြုလုပ်သူ (၃) သန်းလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။ ပတ္တမြားကတော့ သေးငယ်တာမို့ သက်ဆောင်ရလွယ်ကူပါတယ်။

မိုးကုတ်နဲ့ မိုင်းရှုးဟာ ပတ္တမြားအများဆုံး ထွက်ရာဒေသတွေ ဖြစ်ပါတယ်။ အများအားဖြင့် စစ်အစိုးရကို အခွန်မပေးချင်တဲ့အတွက် မြန်မာ-ထိုင်း နယ်စပ်မှာ ရောင်းကြပါတယ်။ ဒါကြောင့် မြန်မာ့ပတ္တမြား အများစုဟာ မှောင်ခိုလမ်းကနေ ထိုင်းဈေးကွက်ကို ရောက်သွားပါတယ်။ ဒါပေမဲ့ မြန်မာပြည်ကလာတဲ့ ပတ္တမြားဟာ ကျောက်ရိုင်းသာဖြစ်လို့ လက်ဝက်ရတနာဖြစ်အောင် ဓါတုဗေဒနည်းနဲ့ ထိုင်းမှာလုပ်ယူရတဲ့အတွက် ထိုင်းကထုတ်တဲ့ ပတ္တမြားရတနာဖြစ်သွားတယ်လို့ ဆိုပါတယ်။ ထိုင်းထွက် ပတ္တမြားရဲ့ ရောင်းဈေးမှာ (၁၀) ရာခိုင်နှုန်းကသာ ကျောက်ရိုင်းတန်ဖိုးဖြစ်ပြီး (၉၀) ရာခိုင်နှုန်းဟာ ထိုင်းရဲ့လက်ရာလို့ ဆိုကြပါတယ်။ မြန်မာပြည်အပြင် Madagascar, Tanzania နဲ့ Kenya မှာလည်း ပတ္တမြား ထွက်ပေမဲ့ မြန်မာ့မှောင်ခို ပတ္တမြားကိုသာ ထိုင်းကျောက်မျက်လုပ်ငန်းက သုံးကြပါတယ်။

ထိုင်းနိုင်ငံကနေ အမေရိကကို အများဆုံးတင်ပို့တဲ့ ပစ္စည်း (၃) မျိုးထဲမှာ ကျောက်မျက်ရတနာလည်း ပါဝင်နေပါတယ်။ ပတ္တမြားနဲ့လုပ်တဲ့ ထိုင်းလက်ဝက်ရတနာတွေ အများဆုံးတင်ပို့နေတာ အမေရိကနဲ့ ဥရောပ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်ကလာတဲ့ ပတ္တမြားလည်းဆိုတာ အသေအချာ သိဖို့ခက်ခဲ့ပါတယ်။

ပတ္တမြားကုန်သည်တဦးဟာ သူဝယ်ယူမယ့် ပတ္တမြားရဲ့ ဇာတိမြေကိုသိချင်တဲ့အတွက် ကျောက်မျက်ဓါတ်ခွဲခန်းကို ငွေပေးပြီး စစ်ဆေးခိုင်ပါတယ်။ စစ်ဆေးကြည့်တဲ့အခါမှာ သူဝယ်မယ့် ပတ္တမြားဟာ နိုင်ငံ (၆) နိုင်ငံက လာနိုင်ကြောင်း သိရပါတယ်။ ဒီအထဲမှာ မြန်မာပြည်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီပတ္တမြားဟာ မြန်မာပြည်ကလာတာ ဟုတ်သလား/မဟုတ်လားဆိုတာကို ဘယ်သူမှ အသေအချာ ပြောနိုင်တာ မဟုတ်ပါဘူး။ လက်ဝက်ရတနာ ဖြစ်သွားတဲ့ ပတ္တမြားနဲ့ ကျောက်စိမ်းဟာ သေးလွန်းတာမို့ စစ်ဆေးရ ခက်ခဲတယ်လို့ သိရပါတယ်။ စစ်ဆေးတဲ့ အဖိုးအခက ကျောက်မျက်ထက် များနေတတ်ပါတယ်။

မြန်မာပြည်ထွက် မဟုတ်တဲ့ ကျောက်စိမ်းပတ္တမြား လက်ဝက်ရတနာ ဒေါ်လာသန်း (၇၀) ကျော်ဖိုး တရုတ်-ထိုင်း-အိန္ဒိယ နဲ့ ပါကစ္စတန် တို့က အမေရိကကို မနှစ်က တင်ပို့ကြောင်း သိရပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက အများဆုံး တင်သွင်းတာ တွေ့ရပါတယ်။ ဒါပေမဲ့ စောစောက ပြောခဲ့သလို မြန်မာထွက် ဟုတ်မဟုတ်ဆိုတာ စစ်ဆေးရခက်ခဲပါတယ်။ ဗမာ့ကျောက်စိမ်းအားလုံး တရုတ်က ဝယ်ယူနေတာမို့ ကျောက်စိမ်းဥပဒေကို တရုတ်က ကူညီမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံကလည်း အမေရိကန်ရဲ့ ကျောက်စိမ်းပတ္တမြား ဥပဒေကို အကူအညီပေးမှာ မဟုတ်ပါဘူး။ အမေရိကန်ဥပဒေဟာ ကျောက်တွင်းသမားလေးတွေနဲ့ ကျောက်မျက်ကုန်သည်လေးတွေကိုသာ ထိခိုက်တယ်လို့ ထိုင်းလက်ဝက် ရတနာလုပ်ငန်းရှင်တွေ နဲ့ အမေရိကန်အစိုးရ အမှုထမ်းတွေက ပြောဆိုကြောင်း အမေရိကန်အစိုးရ GAO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG