မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါရှင်တွေအတွက် ပေးဝေနေတဲ့ ARV ဆေးဟာ တကယ် ရသင့်ရထိုက်တဲ့သူတွေရဲ့ ၂၀% ပဲ ရနေတဲ့အပြင် AIDS ရောဂါ တိုက်ဖျက်ရေး ရန်ပုံငွေ ရရှိမှုဟာလည်း လိုအပ်ချက်ရဲ့ ထက်ဝက်လောက်တောင် မရဘူးလို့ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်အတွက် AIDS ရောဂါဆိုင်ရာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေး စောင့်ရှောက် ကုသမှုအတွက် အစိုးရရဲ့ သုံးစွဲမှုစရိတ်က သိပ်နည်းနေပြီး စေတနာရှင်လူထုက AIDS ဝေဒနာရှင်တွေအတွက် ကိုယ်ထူကိုယ်ထ ကျန်းမာရေး စောင့်ရှောက် ကုသမှု ပေးနေတာတွေကိုလည်း ဖိနှိပ် ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်လို့ စောင့်ကြည့်သူတွေက ဝေဖန်နေကြပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကလေး၊ လူကြီး အပါအဝင် HIV ပိုး ကူးစက်ခံရသူနဲ့ AIDS ရောဂါ ဖြစ်ပွားသူ ၂၄၀,၀၀၀ ကျော် ရှိနေပါတယ်။ မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာအရ လက်ရှိ ARV ဆေး တကယ်ရနေသူ အရေအတွက်ဟာ တကယ်လိုအပ်သူ ဦးရေရဲ့ ငါးပုံတပုံပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၅ ခုနှစ်မှာ HIV/AIDS ရောဂါ၊ တီဘီနဲ့ ငှက်ဖျားရောဂါ၊ ရောဂါသုံးမျိုးအတွက် အကူအညီ ပေးနေတဲ့ Global Fund အဖွဲ့ မြန်မာနိုင်ငံထဲက နှုတ်ထွက်သွားပြီးကတည်းက ARV နဲ့ တခြား လိုအပ်တဲ့ဆေးတွေ မဝေနိုင်ခဲ့ဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်က အမျိုးသား AIDS စီမံကိန်းရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခု Global Fund အဖွဲ့ကြီးက မြန်မာနိုင်ငံကို အကူအညီတွေ ပြန်ပြီးပေးတော့မှာမို့ မြန်မာနိုင်ငံထဲက AIDS ရောဂါ ဝေဒနာရှင်တွေအတွက် ဝမ်းသာစရာ ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ AIDS ရောဂါ အခြေအနေဟာ သိပ်ကို ဆိုးဝါးနေတုန်းပဲလို့ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ခရစ်စ် ဘေယာက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ အခြေအနေဟာ သိပ်ပြီးတော့ ဆိုးရွားနေတယ်လို့ ပြောရမှာပါ။ မြန်မာစစ်အစိုးရက ထုတ်ပြန်တဲ့ ARV ဆေးရသူ အရေအတွက်ဟာ မှန်ပါတယ်။ HIV ဝေဒနာရှင်တွေရဲ့ ငါးပုံတပုံဖြစ်တဲ့ ၂၀% လောက်ပဲ လိုအပ်တဲ့ဆေးတွေကို ရနေတာပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေက မြန်မာ ကျန်းမာရေး ဝန်ကြီးဌာနကရော၊ NAP အမျိုးသား AIDS ရောဂါ တိုက်ဖျက်ရေး အဖွဲ့တွေက ရတဲ့ အချက်အလက်တွေ မဟုတ်ပါဘူး။ တခြား NGO အဖွဲ့အစည်းတွေဆီက ရတယ်ဆိုတာကို အားလုံး သိသင့်ပါတယ်။”
ဒါ့အပြင် အခု ARV ဆေး ရနေသူတွေအတွက် ဆေးတကယ် ဖြန့်ဖြူးပေးနေသူတွေဟာ Doctors without border တို့၊ Medecins Sans Frontiers တို့လို နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့နဲ့ နိုင်ငံတကာ NGO အဖွဲ့တွေကနေ ပေးဝေနေရတာ ဖြစ်ပြီး မြန်မာအာဏာပိုင်တွေဘက်က ဝေဒနာရှင်တွေအတွက် ဆောင်ရွက်ပေးမှုဟာ သိပ်ကို နည်းပါးသေးတယ်လို့လည်း ပြောပါတယ်။
“မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါ တိုက်ဖျက်ရေးအတွက် မြန်မာစစ်အစိုးရက သုံးစွဲတဲ့ ပမာဏဟာ သိပ်ကိုနည်းပါတယ်။ ၂၀၀၈ ခုနှစ်အတွက် ခန့်မှန်းသုံးစွဲငွေဟာ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ လောက်ပဲ ရှိပါတယ်။ လူထုအတွက် သုံးစွဲမှုကို ကြည့်မယ်ဆိုရင်လည်း ဒါဟာ သိပ်ပြီးတော့ နည်းနေတာပါ။ စစ်အစိုးရ တောင်းဆိုသလို အလှူငွေတွေ ထည့်ကြဖို့ လိုတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကလည်း ပါဝင်ဖို့ လိုတာပါ။”
ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေမှာ လူထုအတွက် ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ ၅% ကနေ ၈% အထိ သုံးစွဲဖို့အတွက် ကုလသမဂ္ဂက အကြံပေးထားပေမဲ့ မြန်မာအာဏာပိုင်တွေရဲ့ သုံးစွဲမှုဟာ သိပ်ကိုနည်းပါးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။
“မြန်မာပြည်သူလူထုအတွက် စစ်အစိုးရရဲ့ သုံးစွဲမှု စရိတ်တွေဟာ သိပ်ကို နည်းနေပါတယ်။ မြန်မာစစ်အစိုးရက မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေးမှာ အကြီးအကျယ် သုံးစွဲပြီးတော့ စစ်အစိုးရ အဖွဲ့တခုလုံး ပြောင်းရွှေ့ခဲ့တာတွေ၊ စစ်ရေးမှာ စရိတ်အမြောက်အမြား သုံးစွဲနေတာတွေကို တွေ့ရပါတယ်။ ကမ်းလွန်ရေနံက ရတဲ့ငွေတွေ အမြောက်အမြား ရှိနေပေမဲ့လည်း လူထုအတွက် သေသေချာချာ သုံးစွဲတာကို မတွေ့ရပါဘူး။”
HIV/AIDS ဝေဒနာရှင်တွေ အပါအဝင် လူထု ကျန်းမာရေးအတွက် မြန်မာစစ်အစိုးရ ကိုယ်တိုင်က ငွေကြေးစိုက်ထုတ်မှု နည်းပါးနေသေးတာမို့ ဆိုးဝါးတဲ့ လူထုရဲ့ ကျန်းမာရေး အခြေအနေကို လက်ပိုက်ကြည့်မနေနိုင်ကြတဲ့ ပြည်တွင်းက စေတနာရှင်တွေ၊ အဖွဲ့အစည်းတွေက ကျန်းမာရေး ပြုစုကုသ စောင့်ရှောက်မှုတွေ တနိုင် လုပ်လာကြပါတယ်။ ဒီလိုလုပ်ဆောင်လာမှုကိုလည်း မြန်မာအာဏာပိုင်တွေဘက်က အားမပေးတဲ့အပြင် ထိန်းချုပ်ဖို့ ကြိုးစားနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။
“မြန်မာစစ်အစိုးရက လူထုရဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုတွေနဲ့ အကူအညီ ပေးသူတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဖို့ ကြိုးစားမှုတွေ ရှိနေတဲ့ကြားကပဲ မြန်မာလူထုရဲ့ လုပ်ဆောင်မှုတွေဟာ ကျနော်တို့ကို သိပ်ပြီးတော့ အံ့သြစေပါတယ်။ အဲဒီထဲမှာ ဖြူဖြူသင်းလို လူတွေတင် မကဘဲ ဒုက္ခအမျိုးမျိုးကြားက လုပ်ဆောင်နေကြတဲ့ မြန်မာဘုန်းတော်ကြီးတွေနဲ့ တခြား ဘာသာရေး အဖွဲ့အစည်းတွေ၊ အခက်အခဲ အမျိုးမျိုးကို ခါးစည်းခံနေကြရတဲ့ကြားက ဝေဒနာရှင်တွေအတွက် တိုးပြီးလုပ်ဖို့ ပြောနေတဲ့ NLD ပါတီနဲ့ တခြား လူမှုအဖွဲ့အစည်းက လူတွေကို ကျနော်တို့က သိပ်ပြီး ချီးကျူးပါတယ်။”
နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ကယ်ဆယ်ကူညီရေး လိုအပ်ချက်တွေတင် မကဘဲ HIV/AIDS ရောဂါ အပါအဝင် ကျန်းမာရေး စောင့်ရှောက် ကုသမှု နည်းပါးတဲ့ မြန်မာနိုင်ငံက လူထုရဲ့ ကျန်းမာရေးအတွက် မျက်ခြည်မပြတ် လေ့လာ ထောက်ပြနေတဲ့ ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်က ပါမောက္ခ ဒေါက်တာ ခရစ်စ် ဘေယာ ပြောပြသွားတာ ဖြစ်ပါတယ်။