သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင်တွေ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်


နေအိမ်မှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာ ထည့်သွင်း ရွေးချယ်လိုက်ပါတယ်။ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး အခြေခံမှုနဲ့အတူ အကြမ်းမဖက် စိတ်ဓာတ်ခိုင်မာမှု တိုက်ပွဲတွေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စံပြ ရပ်တည်ချက်တွေကြောင့် အခုလို ဂုဏ်ပြုတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာပြည်သူလူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှောင်ထုတွင်းက မျှော်လင့်ချက်တွေကို ရှင်သန်နေစေတဲ့ သင်္ကေတ တခုဖြစ်တယ်လို့ အမေရိကန် Foreign Policy မဂ္ဂဇင်းက တင်စား သုံးနှုန်းလိုက်ပြီး အခုလို ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ စာရင်းထဲမှာ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေးအပြင် ပညာရေးလို ကဏ္ဍမျိုးတွေမှာပါမကျန် ထိပ်တန်း တွေးခေါ်ရှင်တွေကို ရွေးချယ် ဂုဏ်ပြုတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၆ ယောက်မြောက် စာရင်းထဲမှာ ထည့်သွင်း ချီးမြှင့်ထားပါတယ်။

ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ တရားတော်ရဲ့ အခြေခံမူနဲ့အတူ မဟတ္တမဂန္ဒီရဲ့ အကြမ်းမဖက် တိုက်ပွဲဝင်တဲ့ ရပ်တည်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က စိတ်ရဲ့ခွန်အားတွေအဖြစ် သုံးပြီး ၁၉၉၀ ရွေးကောက်ပွဲ ယှဉ်ပြိုင် အနိုင်ရခဲ့ပုံတွေ၊ ထင်ရှားလှတဲ့ လူထုမိန့်ခွန်းတွေအပြင် ၁၄ နှစ်ကျော် နေအိမ်အကျယ်ချုပ် ကာလတွေကိုလည်း ဖော်ပြထားပါတယ်။ အပြောင်းအလဲ လှည့်ကွက်တွေနဲ့ အမျိုးမျိုးသော အကျပ်အတည်းတွေ ကြားမှ လူထုကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးစေဖို့ ၁၉၉၀ ခုနှစ်များအတွင်းက Revolution of the Spirit လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အယူအဆတွေအပြင် အကြောက်တရားဟာ နေ့စဉ် ခွဲထုတ်လို့မရတဲ့ အစိတ်အပိုင်း တခုဆိုတဲ့ ထင်ရှားတဲ့ မိန့်ခွန်းတွေကြောင့် အခုလို ဂုဏ်ပြု ချီးမြှင့်တာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုံးဖြတ်ချက်ကို မပြောင်းလဲဘဲ ရိုးရိုးသားသား ရပ်တည်ချက်တွေကို ကမ္ဘာက အသိအမှတ်မပြုဘဲ မနေနိုင်ကြပါဘူးလို့ အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ စွယ်စုံအနုပညာရှင် ဆရာ ဦးဝင်းဖေက ဆိုပါတယ်။

“ဗမာမှာ ထုံးစံရှိတယ်။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတာ။ လူတယောက်ဟာ သူ တွေးခေါ် မြော်မြင်တဲ့အတိုင်း ပြောတတ်တယ်တဲ့။ သူ တွေးခေါ် မြော်မြင်တဲ့အတိုင်း လုပ်တတ်တယ်တဲ့။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေးခေါ် မြော်မြင်မှုကို သိချင်လို့ရှိရင် သူ ဘာပြောပြီး ဘာလုပ်သလဲဆိုတာကို ကျနော်တို့က ကြည့်ကြတာပဲ။ သူ ခြံဝကနေ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို နေ့စဉ် အမေးတွေကို ဖြေခဲ့တဲ့ အမေးအဖြေတွေ ရှိတယ်။ ဒါ အလွန် အခြေခံကျတယ်။

“အဲဒီအချိန်မှာ သူက ဘယ်လိုဖြေတတ်တုန်းဆိုတော့ စဉ်းစားမနေဘဲ မြန်မြန်ထက်ထက် သူဖြေတယ်။ ပြီးတော့ ရဲရဲရင့်ရင့် ဖြေတယ်။ ပြတ်ပြတ်သားသား ဖြေတယ်။ တရားမျှတမှု ရှိနိုင်သမျှ ရှိအောင် သူ ဖြေဆိုနိုင်တယ်။ အဲဒီလို သဘောတရားတွေ ရှိတယ်။ အခု နှစ်ပေါင်း ၂၀ လောက် ဖိနှိပ် ချုပ်ချယ်ထားပေမဲ့ သူဟာ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ သူ့လုပ်ရပ်ကို ဘာမှ မပြောင်းလဲဘဲနဲ့ ကြံ့ကြံ့ခိုင်ခိုင် သူ့ဆုံးဖြတ်ချက်အတိုင်း မယိမ်းမယိုင် နေနေတယ်။ ဒါ သူလုပ်တဲ့ လုပ်ရပ်။

“နောက် သူ့ကို တကယ်လို့ အကျယ်ချုပ် ချုပ်မထားဘူးဆိုရင် သူ ရဲရဲရင့်ရင့် သွားမယ်၊ လာမယ်၊ လူတိုင်းသိတယ်၊ သူ အချိန်မရွေး အန္တရာယ်ကြီးတယ်။ အဲဒါတွေကို သူ ဂရုကို မစိုက်ဘူး။ သူ့ရဲ့ တွေးခေါ် မြော်မြင်မှုဟာ ကမ္ဘာ့အဆင့် မရှိဘူး ဆိုလို့ကတော့ သူ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။”

ဒီလို ခိုင်မာတဲ့ စံပြ ရပ်တည်ချက်တွေနဲ့အတူ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ့် အတွေးအခေါ်တွေနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေရောက်အောင် ဖောက်ထွက်နေတာတွေကလည်း အာဏာရှင်တွေအတွက် အကြောက်တရား ဖြစ်စေတာမျိုး တွေ့ရတယ်လို့ ဆရာ ဦးဝင်းဖေက ဆိုပါတယ်။

“ဒီကနေ့အထိ ထိပ်တန်းလူကြီးတွေက ရင်ဆိုင်ပြီးတော့ ဆွေးနွေးပွဲတို့ ဘာတို့ ပြောဖို့ကို အတော်လန့်ပုံရတယ်။ ယှဉ်ပြီး ပြောလို့ရှိရင် ငါတို့ ယှဉ်ပြီး ပြောနိုင်ပါ့မလား၊ လက်တန်းဆိုရင်၊ အဲဒီလို စိုးရိမ်မှု ပါပုံရတယ်။ ရွံ့တယ်ပေါ့ဗျာ။ ကျနော်တို့ တိုင်းပြည်မှာလည်း စစ်ခေါင်းဆောင်တွေ အဲဒီအထိ ရှိပုံရတယ်လို့ ကျနော် တွေးတယ်ဗျ။ သူ့ရဲ့ အနေအထား၊ သူ့ရဲ့ ရပ်တည်ချက်ကို မယိုင်မလဲ၊ မပြောင်းမရွှေ့၊ တည်တည်တံ့တံ့ ရပ်ပြတာလောက် ကြီးကျယ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးအရ သူ့ဆန္ဒကို ထုတ်ဖော်တာ ဘယ်ရှိမလဲဗျ။ နည်းတဲ့အတိုင်းအတာမှ မဟုတ်တာ၊ ဖိနှိပ်ချုပ်ချယ်မှု သိပ်ကြီးပါတယ်။ ဒီ့ထက် ဘာထိခိုက်စရာ ရှိဦးမှာတုန်း။ နိုင်ငံတကာကကို ဒါကို မချီးကျူးဘဲ၊ အသိအမှတ်မပြုဘဲ မနေနိုင်ဘူး။ ဒါ တရားပါတယ်ဗျာ။”

စွယ်စုံအနုပညာရှင် ဆရာ ဦးဝင်းဖေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် စာရင်း ၁၀၀ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama)၊ ပုပ်ရဟန်းမင်းကြီး ဘဲနဒစ် (Pope Benedict)၊ ချက်သမ္မတဟောင်း ဗားကလပ် ဟာဗဲလ် (Václav Havel)၊ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် (Bill Clinton) နဲ့အတူ မိုက်ခရိုဆော့ဖ် သူဌေးကြီး ဘီလ်ဂိတ်စ် (Bill Gates) တို့ ပါဝင်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆင်းရဲတဲ့ အမျိုးသမီးတွေကို အသေးစား ငွေချေးလုပ်ငန်း လုပ်ကိုင်ပေးတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် မိုဟာမက် ယူနွတ်စ် (Muhammad Yunus) တို့လည်း ဂုဏ်ပြုမှတ်တမ်းတင် စာရင်းထဲမှာ ပါဝင်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG