သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်ကို အမေရိကန်စစ်သား ၃၀,၀၀၀ ခန့် ထပ်စေလွှတ်ဖို့ သမ္မတ အိုဘားမား အမိန့်ပေး


အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်စစ်သား နောက်ထပ် အနည်းဆုံး ၃၀,၀၀၀ ထပ်ပြီး စေလွှတ်မယ့် အစီအစဉ် အပါအဝင် အာဖဂန်နစ္စတန်အတွက် မဟာဗျူဟာသစ်ကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဝါရှင်တန်စံတော်ချိန် အင်္ဂါနေ့ည ၈ နာရီ၊ မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် ၇ နာရီခွဲမှာ ကြေညာဖို့ရှိပါတယ်။

အခုလို တပ်သားဦးရေ တိုးပြီး ချထားလိုက်တဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်စစ်သား အရေအတွက် စုစုပေါင်း ၁၀၀,၀၀၀ အထိ ရှိသွားမှာ ဖြစ်ပါတယ်။ တပ်သားအားလုံးကို ၆ လလောက်အထိ စေလွှတ် ချထားမှာဖြစ်ပြီး ဦးတည်ချက်က သက္ကရာဇ် ၂၀၁၁ ခုနှစ် ဇူလိုင်လအမီ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်စစ်သားတွေ စတင် ရုပ်သိမ်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေကို ချေမှုန်းတဲ့ စစ်ပွဲမှာ အမေရိကန်စစ်သား ကျဆုံး ဒဏ်ရာရမှုတွေ တိုးလာတာနဲ့အတူ လူထုရဲ့ထောက်ခံမှု လျော့ပါးလာတာမို့ အိုဘားမား အစိုးရအဖွဲ့ဟာ စစ်ပွဲအတွက် လိုအပ်တဲ့ တပ်သားသစ် စေလွှတ်ရေးမှာ အပြင်းအထန် ဆောင်ရွက်နေရပါတယ်။

နယူးယောက်ခ်က ဝက်စ်ပွိုင့် (West Point) စစ်တက္ကသိုလ်မှာ သမ္မတ အိုဘားမား ပြောကြားမယ့် မိန့်ခွန်းထဲမှာ အာဖဂန်အစိုးရ တပ်ဖွဲ့ကို အဂတိလိုက်စားမှု ကင်းဖို့နဲ့ အုပ်ချုပ်မှု မညံ့ဖျင်းစေဖို့အတွက် နည်းလမ်းတွေကို ချပြဖို့ ရှိပါတယ်။

အာဖဂန်သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ ရုပ်သံ ဗွီဒီယို ဆက်သွယ်ပြောကြားရာမှာ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွက် လုပ်ဆောင်နေမှုတွေဟာ အကန့်အသတ်မဲ့ လုပ်နေတာမျိုး မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက အလေးအနက် ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG