သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂမ်ဘာရီ မြန်မာ့အရေးမှာ အောင်မြင်မှု မရခဲ့


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) ကို ဆူဒန် ဒါဖောဒေသ အရေးဆိုင်ရာ အထူးသံတမန်အဖြစ် ပြောင်းလဲခန့်အပ်တော့မယ်လို့ ကုလသမဂ္ဂ ရေးရာတွေကို စောင့်ကြည့်ဝေဖန် ရေးသားနေတဲ့ နယူးယောက်ခ် အခြေစိုက် Inner City Press သတင်းဌာနနဲ့ ဒီဇင်ဘာ ၂ ရက်နေ့ထုတ် ဆူဒန်နိုင်ငံ သတင်းစာတွေမှာ ရေးသားကြပါတယ်။ ဒီသတင်းကို ကုလသမဂ္ဂက အတည်မပြုသေးပါဘူး။

သူ့ရဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု လုပ်ဆောင်ချက်တွေကို အမေရိကန် ပြည်ထောင်စုက အတုယူခဲ့ပြီး ဆူဒန် ဒါဖောဒေသ အရေးမှာလည်း ဒီအတိုင်း ဆောင်ရွက်မယ်လို့ မစ္စတာဂမ်ဘာရီက Inner City Press သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ အတွင်းရေးမှူး ဦးဝင်းတင်ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဆရာ သူက ဗမာပြည်မှာ အောင်မြင်မှု ရသလား၊ အခုလိုမျိုး တိုက်ရိုက်ထိတွေ့ ဆက်ဆံတယ်ဆိုတာဟာ သူကပဲ စခဲ့တာ။ အမေရိကန်ကတောင် အခု ဒါကို လိုက်လုပ်တယ်ဆိုတဲ့ အပြောမျိုး နယူးယောက်ခ်မှာရှိတဲ့ သတင်းထောက်ကိုလည်း ပြောခဲ့တယ်။ သူကတော့ အောင်မြင်မှု အနေနဲ့ ဗမာပြည်မှာ သူ့ကိုယ်သူ မြင်နေတယ်။ အဲဒီတော့ သူ ဘာအောင်မြင်တယ်လို့ ဆရာမြင်ပါသလဲ။

“ကျနော်ကတော့ ဘာမှ မအောင်မြင်ဘူးလို့ပဲ မြင်တယ်။ တကယ့် သူ့ရဲ့ အဓိကတာဝန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ဗမာပြည်ရဲ့ နိုင်ငံရေးမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ် ၂ ဦးရဲ့ တွေ့ဆုံညှိနှိုင်းမှုကို ဖန်တီးဖို့ လာတာ။ ကုလသမဂ္ဂရဲ့ အဓိက ရည်ရွယ်ချက်က ဒါပဲ။ ဒိုင်ယာလော့ဂ် (Dialogue) ပဲ၊ ဒိုင်ယာလော့ဂ်အတွက် လာတာ။ အဲဒီဟာအတွက် သူ ဘာမှ မအောင်မြင်ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း သူ မတွေ့နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မတွေ့နိုင်ဘူး။ ဆက်ဆံရေးဝန်ကြီး ပေါ်လာတယ်။

“အခုဖြစ်နေတဲ့ အနေအထားက ရှင်းရှင်းပြောရရင် ကြားထဲကလွှတ်တဲ့ ဆက်သားလောက် အဆင့်ပဲ ရှိတယ်ဆိုရင်တော့ ဆက်ဆံရေးဝန်ကြီးက အောင်မြင်ဖို့ရာ ဘာမှမရှိဘူး။ အဲလိုဆိုရင် ဆက်ဆံရေးဝန်ကြီး ပေါ်ပေါက်လာအောင် လုပ်ဆောင်ခဲ့တဲ့ ဂမ်ဘာရီကရော သူ့ရဲ့လုပ်ငန်းက ဘာအကျိုးရှိတယ် ခေါ်မလဲ၊ ဘာထိရောက်တယ် ခေါ်မလဲ၊ ဘာများ ထူးခြားတဲ့ သက်ရောက်မှု ရှိတယ်လို့ ခေါ်မလဲလို့ မေးစရာတွေ ပေါ်လာတယ်။”

သူ့နေရာကို အစားထိုးခန့်အပ်မှု ရှိမယ်ဆိုရင်ရော နောက်လာတဲ့ပုဂ္ဂိုလ် မည်သူမဆိုဖြစ်စေ မြန်မာ့အရေးကို မစ္စတာဂမ်ဘာရီထက် ပိုပြီး ထူးခြားအောင် လုပ်နိုင်မလား၊ ဘယ်လိုမြင်ပါသလဲ ဆရာ။

“အခင်းအကျင်းအရတော့ နှစ်မျိုးပြောလို့ရတယ်။ တမျိုးက အမေရိကန်အစိုးရ၊ အိုဘားမားရဲ့ အပြောင်းအလဲကြောင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ အခြေအနေသစ်ကြောင့် ဗမာပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းက အခြေအနေသစ်တွေ ပေါ်လာတယ်လို့ ပြောလို့ရတယ်၊ သာမန်အားဖြင့်။ အမေရိကန် အစိုးရရဲ့ ရည်ရွယ်ချက်က တစ်- အမေရိကန် အစိုးရနဲ့ စစ်အစိုးရ ဆက်ဆံမယ်။ နှစ်- အမေရိကန် အစိုးရနဲ့ အတိုက်အခံ အင်အားစုများနဲ့ ဆက်ဆံမယ်။ ပြီးရင် အတိုက်အခံ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ ဆက်ဆံမှုပေါ်အောင် လုပ်မယ်ဆိုတဲ့ သုံးပွင့်ဆိုင် ရည်ရွယ်ချက်ကိုဗျ။ ဒီအခြေအနေသစ် ပေါ်လာတယ်။

“အဲတော့ အောင်မြင်တာ၊ မအောင်မြင်တာတော့ စောင့်ကြည့်ရမယ့်ဟာပဲ။ သို့သော် အခု ကုလသမဂ္ဂ ကိုယ်စားလှယ်အသစ် လာမယ့်အချိန်မှာ ဒီအခြေအနေက ရှိနေတယ်။ သုံးပွင့်ဆိုင် အခြေအနေ ပေါ်ဖို့ဟာ အခြေအနေ ဖြစ်နေတယ်။ အတိုက်အခံ အင်အားစုများနဲ့ စစ်အစိုးရကြားမှာ တွေ့ဆုံဖို့ပဲ ကျန်တော့တယ်။ တဲတဲပဲ ကျန်တော့တယ်လို့ ပြောပါတော့ဗျာ။ အဲဒါကြောင့် အခြေအနေသစ်ဟာ ရှိနေတယ်။

“နောက်လာတဲ့ လူအနေနဲ့ ဘာဖြစ်လဲဆိုတော့ ဒီအခြေအနေသစ်ကို အလွန်လိမ္မာ ပါးနပ်တဲ့ Diplomacy အလွန်ကျွမ်းကျင်တဲ့ ပုံစံနဲ့ ဖြစ်ဖို့လိုမယ်။ ဗမာပြည်အရေးကို သိသိမြင်မြင်၊ ဘာတွေဖြစ်နေတယ်၊ ဘယ်လိုဖြစ်နေတယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာ သိသိမြင်မြင်လုပ်ဖို့ လိုတယ်။

“နောက်တခုက နောက်လာတဲ့လူဟာ မစ္စတာဂမ်ဘာရီလို စစ်အစိုးရခိုင်းတိုင်း ရှေ့တိုးဆို ရှေ့တိုး၊ နောက်ဆုတ်ဆို နောက်ဆုတ်၊ ရပ်ဆိုရပ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ သူ့ရဲ့ ရပ်တည်ချက်နဲ့ သူ့ရဲ့ သံတမန် အခွင့်အရေးကို သုံးပြီးတော့ စစ်အစိုးရ စကားကို နားထောင်ခြင်း မပြုဘဲနဲ့ လုပ်သွားဖို့ပဲ လိုတယ်။”

ဗမာပြည် အခင်းအကျင်းအရ အလားအလာတော့ ရှိတယ်ပေါ့။ ဘယ်သူပဲ အသစ်ခန့်ခန့်။

“ရှိတယ်၊ ရှိတယ်။ အခြေအနေက ဘာပဲပြောပြော သုံးပွင့်ဆိုင် အခြေအနေက ပေါ်ပေါက်ဖို့ အလားအလာ၊ ဒေါ်စုကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကမ်းလှမ်းထားတာ ရှိတယ်၊ တွေ့ဆုံဖို့ကို။ ဆိုတော့ ဒီအခြေအနေဟာ အဲဒီလိုအချိန် အဲဒီလို အခိုက်အတန့်မှာ ကုလသမဂ္ဂက သံတမန် ကိုယ်စားလှယ်တဦး ရောက်လာပြီးတော့ လိမ္မာပါးနပ်စွာနဲ့ သို့မဟုတ်လည်း ပြတ်ပြတ်သားသားနဲ့ ကိုယ့်ရဲ့တာဝန်နဲ့ အခြေအနေအတိုင်း ကိုယ့်ရဲ့ လုပ်ငန်းအတိုင်း လုပ်သွားမယ်၊ စစ်အစိုးရခိုင်းတိုင်း မဟုတ်ဘဲနဲ့ လုပ်မယ်ဆိုရင် အခြေအနေကောင်းတွေက ကောင်းကောင်းကြီး၊ အောင်အောင်မြင်မြင်ကြီး ပေါ်နိုင်တဲ့ အနေအထား ရှိတယ်လို့ ကျနော်ယုံတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ အတွင်းရေးမှူး သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG