သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်သား ၃၀,၀၀၀ အာဖဂန်ကို ထပ်မံ စေလွှတ်မည်


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အာဖဂန်စစ်ပွဲနဲ့ ပတ်သက်တဲ့ မဟာဗျူဟာသစ်ကို အပြည့်အ၀ ထောက်ခံ ပံ့ပိုးသွားမယ်လို့ နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှူးချုပ် အန်ဒါးစ် ဖို့ ရပ်စ်မူဆန် (Anders Fogh Rasmussen) က ပြောပါတယ်။

အာဖဂန်မှာရှိတဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့တွေကို နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ နေတိုး မဟာမိတ်တွေဘက်ကလည်း အင်အား ၅,၀၀၀ ထပ်ပြီး စေလွှတ်မယ်လို့ သူက ပြောပါတယ်။

အာဖဂန် တည်ငြိမ်ရေး၊ လုံခြုံရေးကို အာဖဂန်နိုင်ငံက သူတို့ဘာသာ တာဝန်ယူနိုင်တဲ့အထိ အသွင်ကူးပြောင်းရေး ကာလတခု သတ်မှတ်ပြီး နေတိုးအဖွဲ့ဝင်တွေ ကြိုးပမ်းဆောင်ရွက်နေတဲ့အကြောင်း၊ ဒါပေမဲ့လည်း အသွင်ကူးပြောင်းရေးဆိုတဲ့ စကားလုံးကို တပ်ပြန်ဆုတ်ရေး မဟာဗျူဟာလို့ မသတ်မှတ်ဖို့လည်း သူက ပြောဆိုပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက လုံခြုံရေးဆိုင်ရာ တာဝန်တွေ အာဖဂန်ကို လွှဲပြောင်းပြီးတဲ့အခါ အမေရိကန် တပ်ဖွဲ့တွေကို လာမယ့် ၂၀၁၁ ခုနှစ် ဇူလိုင်လ၊ နောင် လပေါင်း ၂၀ အကြာ အာဖဂန်က ပြန်လည်ဆုတ်ခွာခွင့် ပြုမယ်လို့ ပြောပါတယ်။

တာလီဘန်နဲ့ အယ်လ်ကိုင်းဒါး အဖွဲ့တွေ အာဖဂန်နဲ့ ပါကစ္စတန်နယ်ခြား သူတို့ လွတ်လွတ်လပ်လပ် ခိုလှုံနေတဲ့ နေရာတွေကနေ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်တကြိမ် လုပ်နိုင်အောင် ပြင်ဆင်နေတဲ့အတွက် ကမ္ဘာကြီးတခုလုံးရဲ့ ဘုံလုံခြုံရေးက အန္တရာယ် ကျရောက်နိုင်ခြေကို ရင်ဆိုင်နေရဆဲပဲလို့လည်း သမ္မတ အိုဘားမားက West Point စစ်တက္ကသိုလ်ကနေ မနေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ အမေရိကန် ပြည်ထောင်စုက အာဖဂန်နစ္စတန်ကို နောက်ထပ် တပ်ဖွဲ့ဝင် ၃၀,၀၀၀ ထပ်ပြီး စေလွှတ်တာနဲ့ ပတ်သက်လို့ ဒါဟာ သိပ်ကိုခက်ခဲတဲ့ အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ လိုအပ်တဲ့ မဟာဗျူဟာ တခုပါလို့ ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG