သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် မဟာဗျူဟာသစ် ထောက်ခံကြဖို့ အမေရိကန် အစိုးရ တိုက်တွန်း


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာသစ်နဲ့ ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ခုခံပြောဆိုခဲ့ပါတယ်။

ဒီမဟာဗျူဟာ မအောင်မြင်ဘူး ဆိုတာဟာ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေက သိမ်းပိုက်တာမျိုးဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာ အမေရိကန် လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေး တိုးတက်ကောင်းမွန်စေမှုဟာ ဒီနိုင်ငံကို အယ်လ်ကိုင်းဒါးတွေနဲ့ တာလီဘန်တွေရဲ့ အမြဲတစေ တိုက်ခိုက်ဖို့ ရွေးချယ်နေတဲ့ နေရာမျိုး ဖြစ်မလာစေမယ့် အဓိကသော့ချက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်တပ်သား နောက်ထပ် ၃၀,၀၀၀ ကျော် ထပ်မံပြီး စေလွှတ်ဖို့ စီစဉ်ထားတယ် ဆိုတာကို ကြေညာခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အခုလို ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်က အထက်နဲ့အောက် လွှတ်တော် လက်နက်ရေးရာ ကော်မတီရှေ့မှောက် ကြားနာပွဲမှာ ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားရဲ့ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ မဟာဗျူဟာ အသစ်ဟာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို နောင်မှာ အစွန်းရောက် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှု ရန်ကနေ ကာကွယ်ရာမှာ အကောင်းဆုံး အစီအစဉ် ဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဗုဒ္ဓဟူးနေ့မှာပဲ မစ္စတာဂိတ်စ်နဲ့အတူ ထွက်ဆို ပြောကြားခဲ့ပါတယ်။

ပူးတွဲစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ကယ် မူလန် (Mike Mullen) ကလည်း သမ္မတရဲ့ အခု မဟာဗျူဟာ အသစ်ကနေ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို ကိုယ်တိုင် တိုက်ပွဲဝင်နေတဲ့ အမေရိကန် တပ်မှူးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဓိက ပူပန်မှုက တပ်သားအရေအတွက် မဟုတ်ဘဲ ကောင်းမွန်တဲ့ ခန့်ခွဲအုပ်ချုပ်မှုနဲ့ တွဲတဲ့ စစ်ရေး လုပ်ဆောင်ချက်တွေပါလို့လည်း အလေးအနက်ထားပြီး ပြောကြားခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့ မဟာဗျူဟာ အသစ်အတွက် အာဖဂန်အစိုးရက ကြိုဆိုလိုက်ပါတယ်။ အာဖဂန် နိုင်ငံခြားရေးဝန်ကြီး ရန်ဂင် ဒတ်ဖာ စပန်တာ (Rangin Dadfar Spanta) က အမေရိကန် တပ်သားသစ် ၃၀,၀၀၀ ကျော် ထပ်ပြီး ချထားပေးမှုဟာ အာဖဂန်နစ္စတန်နိုင်ငံအတွက် သိပ်ကို အရေးကြီးသလို အမေရိကန်၊ အာဖဂန်နစ္စတန်နိုင်ငံ ဆက်ဆံရေးအတွက်လည်း သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။

ဒီတပ်သားတွေက အာဖဂန်ပြည်သူတွေကို အကာအကွယ် ပေးနိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးလည်း တိုးမြင့်လာနိုင်မယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG