သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် ဂမ်ဘာရီ ဆက်လက် ထမ်းဆောင်တော့မည် မဟုတ်


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ဟာ မြန်မာနိုင်ငံဆိုင်ရာ တာဝန်တွေကို ဆက်လက် ထမ်းဆောင်တော့မှာ မဟုတ်ဘဲ ဆူဒန်နိုင်ငံ ဒါဖောဒေသအတွက် ပြောင်းလဲ အမှုထမ်းတော့မယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။ အပြည့်အစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ရာထူး အပါအဝင် သံတမန်တာဝန်တွေ ယူခဲ့တဲ့ နိုင်ဂျီးရီးယား သံတမန် မစ္စတာဂမ်ဘာရီဟာ အခုအခါ ဒါဖောဒေသမှာ တာဝန်ပြောင်းလဲ ထမ်းဆောင်မှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ မာရီ အိုကာဘဲ (Marie Okabe) က မနေ့တုန်းက ကုလသမဂ္ဂရုံးချုပ် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။

“အာဖရိက သမဂ္ဂ ဥက္ကဋ္ဌနဲ့ တိုင်ပင်နှီးနှောမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် နိုင်ဂျီးရီးယားနိုင်ငံသား မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီကို ဒါဖောဒေသက အာဖရိက သမဂ္ဂနဲ့ ကုလသမဂ္ဂ ပူးတွဲ ညှိနှိုင်းဆောင်ရွက်ရေးဌာန (UNAMID) ရဲ့ ပူးတွဲ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တာပါ။ သူ့အနေနဲ့ အဲဒီတာဝန်တွေကို ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တာဝန်ယူဖို့ ရည်ရွယ်ထားတဲ့အကြောင်း အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကို အကြောင်းကြားထားပြီး ဖြစ်ပါတယ်။”

မစ္စတာဂမ်ဘာရီ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်မယူတော့ဘူး ဆိုပေမဲ့လည်း အတွင်းရေးမှူးချုပ်ရုံး တာဝန်တွေက ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူက ဆိုပါတယ်။ လစ်လပ်သွားတဲ့ မြန်မာနိုင်ငံ အကြံပေးပုဂ္ဂိုလ် တာဝန်ကိုတော့ လတ်တလော အတွင်းရေးမှူးချုပ်က ဆက်ယူထားမယ်လို့လည်း ပြောပါတယ်။

“သူ့အနေနဲ့ ဒီရာထူးကို အစားထိုးဖို့ ရှာပါလိမ့်မယ်။ လောလောဆယ်မှာတော့ အတွင်းရေးမှူးချုပ်ရုံး တာဝန်တွေကို အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကပဲ တာဝန်ယူထားမှာ ဖြစ်သလို သူ့ရုံးတာဝန်တွေကလည်း ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။”

အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အဖြစ် မစ္စတာဂမ်ဘာရီဟာ ၂၀၀၆ ခုနှစ်က စတင် တာဝန်ယူခဲ့စဉ်ကစပြီး မြန်မာစစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ ရရှိဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစစ်အစိုးရက သူ့ရဲ့ ခရီးစဉ်တွေအတွင်း ကန့်သတ်မှုတွေ ရှိခဲ့တာ၊ တွေ့ဆုံလိုသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ခွင့်မပေးတာမျိုးတွေလည်း ကြုံခဲ့ရတာ ဖြစ်ပါတယ်။

၃ နှစ်လောက် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပေမဲ့ ဒီကာလအတွင်း ထူးထူးခြားခြား အောင်မြင်မှုမျိုးတော့ မဆောင်ကြဉ်းနိုင်ခဲ့ဘူးလို့ ယူဆသူတဦးကတော့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အတွင်းရေးမှူး ဦးဝင်းတင် ဖြစ်ပါတယ်။

“ကျနော်ကတော့ ဘာမှ မအောင်မြင်ဘူးလို့ပဲ မြင်တယ်။ တကယ့် သူ့ရဲ့ အဓိကတာဝန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလို ဗမာပြည်ရဲ့ နိုင်ငံရေးမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ် ၂ ဦးရဲ့ တွေ့ဆုံညှိနှိုင်းမှုကို ဖန်တီးဖို့ လာတာ။ ကုလသမဂ္ဂရဲ့ အဓိက ရည်ရွယ်ချက်က ဒါပဲ။ ဒိုင်ယာလော့ဂ် (Dialogue) ပဲ။ အဲဒီဟာအတွက် သူ ဘာမှ မအောင်မြင်ဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း သူ မတွေ့နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်လည်း မတွေ့နိုင်ဘူး။ ဆက်ဆံရေးဝန်ကြီး ပေါ်လာတယ်။

“အခုဖြစ်နေတဲ့ အနေအထားက ရှင်းရှင်းပြောရရင် ကြားထဲကလွှတ်တဲ့ ဆက်သားလောက် အဆင့်ပဲ ရှိတယ်ဆိုရင်တော့ ဆက်ဆံရေးဝန်ကြီးက အောင်မြင်ဖို့ရာ ဘာမှမရှိဘူး။ အဲလိုဆိုရင် ဆက်ဆံရေးဝန်ကြီး ပေါ်ပေါက်လာအောင် လုပ်ဆောင်ခဲ့တဲ့ ဂမ်ဘာရီကရော သူ့ရဲ့လုပ်ငန်းက ဘာအကျိုးရှိတယ် ခေါ်မလဲ၊ ဘာထိရောက်တယ် ခေါ်မလဲ၊ ဘာများ ထူးခြားတဲ့ သက်ရောက်မှု ရှိတယ်လို့ ခေါ်မလဲလို့ မေးစရာတွေ ပေါ်လာတယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေအပေါ် NLD ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က မှတ်ချက်ပေး ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG