ရှေ့သီတင်းပတ်အတွင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် (Copenhagen) မြို့မှာ ကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ညီလာခံရဲ့ ပြင်ပမှာ စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဥရောပ ခေါင်းဆောင်တချို့က တွေ့ဆုံမယ်လို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခြင်း မလုပ်ဘူးဆိုတဲ့ မူဝါဒကို ကိုင်ဆောင်လာတဲ့ ဥရောပ ခေါင်းဆောင်တွေက အခုလို စစ်အစိုးရ ခေါင်းဆောင်တယောက်နဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို မြန်မာ့အရေး လှုပ်ရှားသူတွေက မထောက်ခံကြပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီဇင်ဘာ ၇ ရက်ကနေ ၈ ရက်နေ့အထိ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မှာ ဖြစ်တာကြောင့် အဲဒီညီလာခံ ပြင်ပမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံသွားဖို့ EU ခေါင်းဆောင်တွေက စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ EU အဖွဲ့ဝင် နိုင်ငံတွေကို ကိုယ်စားပြုပြီး ဘယ်နိုင်ငံက ဗိုလ်ချုပ်ကြီးသိန်းစိန်ကို တွေ့ဆုံမယ် ဆိုတာကို အခုချိန်ထိ မဆုံးဖြတ်ရသေးဘူးလို့ လက်ရှိ EU အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ ဆွီဒင်နိုင်ငံက အရာရှိတွေက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း သိသာတိုးတက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့လုပ်ဆောင်ခြင်း မရှိသေးခင် အခုလို စစ်အစိုးရ အကြီးအကဲတယောက်ကို လက်ခံတွေ့ဆုံခြင်း မလုပ်သင့်သေးဘူးလို့ လန်ဒန်မြို့ အခြေစိုက် ဥရောပ မြန်မာရုံးက ဒါရိုက်တာ ဦးနွယ်အောင်က ပြောပါတယ်။
“ဒီဥစ္စာ ကျနော်တို့အမြင်တော့ မကြိုဆိုနိုင်သေးပါဘူး။ ဘာကြောင့်လဲဆိုရင် စစ်အာဏာရှင်တွေဘက်က ဘာမှ Positive ဖြစ်တဲ့သတင်းမျိုး ဘာတခုမှ မပြသေးတဲ့အတွက်ကြောင့် ဒီဘက်ကနေ မုန်လာဥနီချည်းပဲ ကျွေးဖို့ ပြင်ဆင်နေတာကြတော့ ကျနော်တို့အနေနဲ့ ဒါကို သဘောမတွေ့ပါဘူး။ ဒါကြောင့် မကြိုဆိုသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ရင် EU မှာ သူတို့နဲ့တွေ့တိုင်း ကျနော်တို့ပြောတာက Carrots တွေချည်းပဲ ပေးနေလို့ မရဘူး၊ လုပ်စရာ ကိုင်စရာ ရှိတာတွေလည်း လုပ်ဖို့လိုတယ်ဆိုပြီး ကျနော်တို့ ပြောတာတွေ ရှိပါတယ်။
“ဒါပေမဲ့ EU က အမေရိကန် ပေါ်လစီ ပြောင်းလာတဲ့ အချိန်ကစပြီး သူတို့ကလည်း ပြောင်းစပြုနေတယ်လို့ မြင်ပါတယ်။ နောက်ပိုင်းမှာ အပြောင်းအလဲလေးတွေ မြင်လာရတာကတော့ Obama Administration နဲ့ US President ကနေပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ပေါ်လစီ အပြောင်းအလဲလေး လုပ်လာတယ်။ ဒါ လူတိုင်းသိပါတယ်။ စကားပြောမယ်၊ တွေ့မယ်၊ ဆိုမယ် ဆိုပြီးတော့ လုပ်လာတဲ့ အချိန်ကစပြီးတော့ EU အနေနဲ့က အမေရိကန် ပေါ်လစီလိုပဲ သူတို့က ဖြစ်နိုင်သမျှ Engagement လုပ်မယ် ဆိုပြီးတော့ EU ဘက်မှာလည်း ပြောင်းလာတာ ဖြစ်ပါတယ်။”
ဒါပေမဲ့ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပေါ် EU က လက်ရှိ ချမှတ်ထားတဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့ အရေးယူမှုကတော့ ဆက်ပြီး ရှိနေတုန်းပဲလို့ ဦးနွယ်အောင်က ပြောပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ဆို့ အရေးယူမှုကလည်း စစ်အစိုးရ အရာရှိတွေနဲ့ သူတို့မိသားစုဝင်တွေ သာမန် လာရောက်လည်ပတ်မှုနဲ့ တခြား ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်သာ ပိတ်ဆို့ အရေးယူထားတာဖြစ်ပြီး အခုလို နိုင်ငံတကာ ညီလာခံကြီးတွေ တက်ဖို့ လာကြတဲ့ ခေါင်းဆောင်ပိုင်းကိုတော့ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလေ့ရှိပါတယ်။
အမေရိကန် အစိုးရက စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေးမူကို ကျင့်သုံးသွားမယ်လို့ ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း EU နိုင်ငံတွေ အကြားမှာ စစ်အစိုးရနဲ့ ဆက်ဆံရေး၊ မဆက်ဆံရေးဆိုတဲ့ ကွဲပြားမှုတွေ ထွက်ပေါ်လာပေမဲ့ အင်္ဂလန်၊ ပြင်သစ် စတဲ့ ခေါင်းဆောင်ပိုင်း နိုင်ငံကြီးတွေကတော့ လက်ရှိ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားတုန်းပဲလို့ ဆိုပါတယ်။
“EU မှာလည်း အပိုင်းနှစ်ပိုင်း ကွဲနေတဲ့ ပုံသဏ္ဌာန် ရှိပါတယ်။ အထူးဖြင့် အင်္ဂလန်တို့၊ ပြင်သစ်တို့ စတဲ့ နိုင်ငံကြီးတွေကတော့ တင်းခံနေတုန်းပဲ။ ဒီ Sanctions တွေဟာ လိုအပ်သေးတယ် ဆိုပြီးတော့။ တပိုင်းကလည်း ဥပမာ ဂျာမဏီလို နိုင်ငံမျိုးကြတော့လည်း သူတို့ထင်တာက Sanctions တွေကို လျှော့ပေးဖို့ လိုတယ်။ စသဖြင့် EU ခေါင်းဆောင်ပိုင်း နိုင်ငံကြီးတွေမှာလည်း နှစ်ပိုင်းကွဲနေတဲ့ ပုံစံမျိုး ဖြစ်နေကြတယ်။
“နည်းနည်း သိသာလာတာက Sanctions ဟာ အမေရိကန် အစိုးရက ပြောလို့ Effective မဖြစ်ဘူးဆိုတဲ့ အချိန်ကစပြီး Sanctions ကို လျှော့ပေးဖို့ပြောတဲ့ နိုင်ငံလေးတွေပါ ပါလာတယ်ဆိုတာ ကျနော်တို့ မြင်ရတယ်။ ကျနော်တို့ မြန်မာ့ Community တွေကတော့ Sanctions ကို ဆက်ပြီးထားဖို့ လိုတယ်ဆိုတာကို ဆက်ပြီးတော့ တောင်းဆိုနေတုန်းပဲ ဖြစ်ပါတယ်။”
EU ထိပ်ပိုင်းနိုင်ငံတွေအကြား မြန်မာစစ်အစိုးရအပေါ် ထိတွေ့ဆက်ဆံသင့်၊ မသင့်ဆိုတဲ့ ဝိဝါဒတွေ ကွဲပြားနေပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ EU အထူးသံတမန် မစ္စတာ ပီယာရို ဖက်ဆီနို (Mr. Piero Fassino) ကတော့ မကြာခင်က အမေရိကန်က ပြောင်းလဲဆက်ဆံလာတဲ့ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံမှာ တိုးတက်တဲ့ လက္ခဏာတွေ ပေါ်ထွက်လာတာကို တွေ့ရတယ်လို့ သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်အပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ပြောကြားခဲ့ပါတယ်။