သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုးနိုင်ငံတွေ အာဖဂန်ကို တပ်ဖွဲ့ဝင် တိုးစေလွှတ်ရေး စီစဉ်


သမ္မတ အိုဘားမား (Obama) က အာဖဂန်နစ္စတန်နိုင်ငံကို တပ်ဖွဲ့ဝင်ဦးရေ ၃၀,၀၀၀ စေလွှတ်မယ်လို့ ကြေညာပြီးနောက် နေတိုးအဖွဲ့ဝင် နိုင်ငံ ၂၀ ကျော်ကလည်း အာဖဂန်နစ္စတန်နိုင်ငံကို တပ်ဖွဲ့တွေ တိုးပြီး စေလွှတ်ဖို့ စီစဉ်နေပြီလို့ ပြောဆိုလိုက်ပါတယ်။

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဖို့ ရပ်စ်မူဆန် (Anders Fogh Rasmussen) က ကြိုတင် ခန့်မှန်းထားတဲ့အတိုင်း နေတိုးအဖွဲ့ဝင် နိုင်ငံတွေက တပ်ဖွဲ့ဝင်ဦးရေ ၅,၀၀၀ အထိ တိုးပြီး စေလွှတ်မှာ ဖြစ်တယ်လို့ နေတိုးပြောခွင့်ရပုဂ္ဂိုလ်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။

သမ္မတ အိုဘားမားက အာဖဂန်နစ္စတန်နိုင်ငံကို တပ်ဖွဲ့ဝင်ဦးရေ ၃၀,၀၀၀ ကျော် စေလွှတ်ဖို့ ကတိပေးထားတာကို နေတိုးမဟာမိတ်တွေက ထောက်ခံဖို့ ဆန္ဒရှိတယ် ဆိုတာကို ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ကြာသပတေးနေ့မှာ ကျင်းပခဲ့တဲ့ နေတိုး နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲမှာ နေတိုး ပြောခွင့်ရပုဂ္ဂိုလ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း နေတိုး မဟာမိတ်တွေ အနေနဲ့ တပ်ဖွဲ့ဝင်တွေ တိုးပြီး စေလွှတ်ရေးအတွက် မေတ္တာရပ်ခံထားခဲ့တဲ့ အကြောင်း ဗုဒ္ဓဟူးနေ့က အထက်လွှတ်တော် ကြားနာပွဲမှာ ထွက်ဆိုခဲ့ပါသေးတယ်။

နေတိုးတပ်ဖွဲ့ဝင်ဦးရေ ဘယ်လောက်ဆိုတာ အတိအကျ မခန့်မှန်းထားပေမဲ့ ၁၀,၀၀၀ ကျော် စေလွှတ်စေလိုတယ်လို့တော့ အရိပ်အမြွက် ပြောဆိုခဲ့တဲ့အကြောင်း သံတမန် သတင်းရပ်ကွက်က ပြောဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG