သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ပြင်ဆင်ချက်လက်ခံရေး ဗဟိုတရားရုံးစဉ်းစားမည်


နေအိမ်မှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လွှာကို မြန်မာနိုင်ငံ ဗဟိုတရားရုံးကနေ လက်ခံသင့် မသင့် ကြားနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလို ဆုံးဖြတ်တာဟာ နိုင်ငံရေးအရ အပြန်အလှန် ဆွေးနွေးပြောဆိုဖို့ရာအတွက် တိုးတက်တဲ့ လက္ခဏာတရပ်လို့တော့ မမြင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။ အကြောင်းစုံကို မနန္ဒာချမ်းက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို မြန်မာနိုင်ငံ ဗဟိုတရားရုံးချုပ်ကနေ ပထမအဆင့်အနေနဲ့ လက်ခံသင့် မသင့် ဆိုတာ ဆုံးဖြတ်ဖို့ ဒီဇင်ဘာလ ၂၁ ရက်ကို ရုံးချိန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေအသေးစိတ်ကို ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို ရှင်းပြခဲ့ပါတယ်။

"ဒီနေ့ တရားရုံးချုပ်က သူ့ လုပ်ထုံးလုပ်နည်းပေါ့။ Notice Board မှာ အမှု စာရင်းတွေ ပေါ်တယ်။ အမှုစာရင်းတွေ ဆိုတာ ဒေါ်စု အမှုတင်မဟုတ်ပါဘူး။ ကျန်တဲ့အမှုတွေပါ အားလုံး အမှုစာရင်းပေါ့။ ပေါ်တော့ ၁၂ လပိုင်း ၂၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် တင်ထားတဲ့အမှုကို လက်ခံသင့်မသင့် ကြားနာမယ် ဆိုပြီးတော့ ပေါ်တယ်။ အဓိပ္ပါယ်က ကျနော်တို့ တင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ကြားနာမယ်။ အမှုကို လက်ခံသင့်လား၊ လက်မခံသင့်ဘူးလား ဆုံးဖြတ်မယ်။ လက်ခံတယ် ဆိုတဲ့ စကားလုံးက မသုံးနိုင်သေးဘူးလို့ ကျနော်တို့ ယူဆတယ်။ ကျနော်တို့ အမှုကို register လုပ်တယ်။ အဲဒီ register လုပ်တဲ့အမှုကို ၂၁ ရက်နေ့မှာ လက်ခံသင့်မသင့် ကြားနာမယ်လို့ အဓိပ္ပါယ်အားဖြင့် အဲဒီအတိုင်း ရှိပါတယ်။ အဲဒီတော့ ၂၁ ရက်နေ့မှာ အဲန်ကယ်လ်တို့ လျှောက်လဲချက် ပေးရမှာပေါ့။ အဲဒီ လျှောက်လဲချက် ပြီးရင်း များသောအားဖြင့် အဲဒီနေ့ ညနေပိုင်းမှာပဲ လက်ခံသည် လက်မခံသည်ဆိုတာ အမိန့်ထွက်လာတယ်။

ဒါ့အပြင် အဲဒီပြင်ဆင်မှုလျှောက်ထားချက် တင်သွင်းရမယ့်နေ့ကျရင် သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေဘက်က အဓိက ထုချေ လျှောက်လဲမယ့် အချက်နဲ့ပတ်သက်လို့လည်းပဲ ဦးဉာဏ်ဝင်း က အခုလို ပြောပြပါတယ်။

"ကျနော်တို့ လျှောက်လဲမယ့်အချက်ကို ပြောမှာက ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီးတော့ အရေးယူခဲ့တဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက မရှိတော့ဘူးလို့ တိုင်းရုံးက သဘောတူတယ်။ အဲဒီလို မရှိတော့ဘူး ဆိုရင် အဲဒီလို ဥပဒေပါ ပုဒ်မတွေကို ကိုင်တွယ် အသုံးပြုပြီးတော့ ထိန်းသိမ်းထားတာရော၊ အဲဒီ ထိန်းသိမ်းမှုကို ဖောက်ဖျက်တယ် ဆိုပြီးတော့ အခု ပုဒ်မ (၂၂) နဲ့ စွဲဆိုမှုရောက မရှိတော့ဘူး။ အလိုအလျောက် ဒါတွေဟာ ပျက်ပြယ်ပြီ၊ ဥပဒေ အချက်အလက်အားဖြင့် ကျနော်တို့ ဒါကို အဓိက လျှောက်လဲမှာပါ။"

အခုလို ရှေ့နေတွေဘက်က တင်သွင်းမယ့် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်ထားချက်တွေဟာ ဥပဒေအရ မှန်ကန်မှုရှိတဲ့ အတွက်လည်း ဗဟိုတရားရုံးချုပ်အနေနဲ့ ဒီအမှုကို လက်ခံလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောပါတယ်။ တကယ်လို့သာ ဗဟိုတရားရုံးချုပ်ဘက်က ဒီအမှုကို လက်ခံဖို့ ပယ်ချခဲ့မယ်ဆိုရင်လည်း ဥပဒေပြဌာန်းချက်အရ အထူးအယူခံဝင်ဖို့ လျှောက်ထားရမှာ ဖြစ်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ ဒီလို ဗဟိုတရားရုံးချုပ်မှာ လျှောက်ထားရမယ့် အချက်တွေကို ပြင်ဆင်ပြီးရင်တော့ - ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးရမှာမို့ တွေ့ခွင့်ကို အာဏာပိုင်တွေဆီမှာ ထပ်မံ တောင်းခံဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို ဗဟိုတရားရုံးကနေ လက်ခံသင့် မသင့် ဆုံးဖြတ်ဖို့ သဘောတူခဲ့တာ၊ မကြာသေးခင်က လပိုင်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာရေးတောင်းဆိုချက်တချို့ကို စစ်အစိုးရဘက်က လိုက်လျောခဲ့တာတွေရှိခဲ့တော့ ဒါဟာ နိုင်ငံရေးအရ အပြန်အလှန် ဆွေးနွေးဖို့အတွက် တိုးတက်တဲ့ လက္ခဏာတရပ်လို့ မြင်ပါသလား ဆိုတာကိုတော့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က အခုလို ပြောဆိုခဲ့ပါတယ်။

"ကျနော့်အမြင်တော့ လုံး၀ မသက်ဆိုင်ဘူးဗျ။ ဒါက အခုလို အမှုပေါ်တဲ့ ဘယ်နေ့မှာ ကြားနာမယ်၊ ဘယ်နေ့မှာ ကြားနာသင့်မသင့် လက်ခံမယ်ဆိုတာတွေက ဒါဟာ တရားရုံးချုပ်ရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းပဲ ဖြစ်တယ်။ သီးခြား ထူးထူးခြားခြား စဉ်းစားတွေးခေါ်စရာတော့ ကျနော်တို့ ဘာမှမတွေ့ပါဘူး။"

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောခဲ့တာပါ။ ပြီးခဲ့တဲ့ မေလ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော တရားမဝင် ရေကူးဝင်ရောက်ခဲ့မှုနဲ ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဘက်ကနေ သူ့ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခဲ့ပြီး သြဂုတ်လမှာ အကျယ်ချုပ် ၁ နှစ်ခွဲ ထပ်မံချခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတွေဘက်ကလည်း ဒီအမှု အယူခံကို တိုင်းတရားရုံးမှာ တင်သွင်းခဲ့ပေမဲ့ အောက်တိုဘာလမှာ ပယ်ချခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG