သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-တရုတ် ပိုက်လိုင်းကြီး


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ရေနံစိမ်းနဲ့ သဘာဝဓါတ်ငွေ့ သယ်ယူပို့ဆောင်ပိုက်လိုင်း (၂) ခုနဲ့ မဒဲကျွန်းမှာ ရေနံတင် ဆိပ်ကမ်းတည်ဆောက်တဲ့ စီမံကိန်း စတင် အကောင်အထည် ဖော်နေပါပြီ။ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ (၃၁) ရက်နေ့က ကျင်းပကြောင်း နိုဝင်ဘာလ (၅) ရက်နေ့ထုတ် မြန်မာအလင်းမှာ ဖော်ပြပါတယ်။ အစိုးရ သတင်းစာ ထုံးစံအတိုင်း ဖွင့်ပွဲတက်တဲ့ တိုင်းမှုး၊ ဝန်ကြီး နဲ့ တရုတ် ကုမ္မဏီအရာရှိတွေရဲ့ အမည်နဲ့ ရာထူးတွေကို ဖော်ပြတာ တွေ့ရပြီး ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း မဖော်ပြပါဘူး။ ထူးခြားတာကတော့ ဘိန်းမှောင်ခို လော်စစ်ဟန်တို့ သားအဖပိုင်တဲ့ Asia World ကုမ္မဏီ တာဝန်ခံတွေပါ ဖွင့်ပွဲတက်တာ ဖြစ်ပါတယ်။ မဒဲဆိပ်ကမ်း ဆောက်လုပ်ရေးမှာ sub-contract ရထားလို့ ဖွင့်ပွဲတက်တာ ဖြစ်ပုံရပါတယ်။

တရုတ်ကို ဓါတ်ငွေ့ရောင်းစားဖို့ စီစဉ်နေပေမယ့် ပြည်တွင်းမှာလောင်စာစွမ်းအင် မလုံမလောက် ဖြစ်နေတာမို့ မငြိမ်မသက်ဖြစ်ပြီး ဆူပူလာနိုင်တဲ့အတွက် ဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်းစီမံကိန်းကို ရပ်ဆိုင်းဖို့ တရုတ်အစိုးရကို ရွှေဓါတ်ငွေ့အဖွဲ့က စက်တင်ဘာအစောပိုင်းက ပန်ကြားခဲ့ပါတယ်။ လူ့အခွင့်အရေးဖောက်ဖျက်တဲ့ ဗမာစစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်တဲ့ ကုမ္မဏီတွေဟာ အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေက ရွှေဓါတ်ငွေ့အဖွဲ့ကို ၂၀၀၂ ခုနှစ်မှာ တည်ထောင်ပြီး ရခိုင်ကမ်းလွန်ဓါတ်ငွေ့လုပ်ငန်းကို စောင့်ကြည့်နေပါတယ်။

ကျောက်ဖြူ၊ ယူနန်ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းအကြောင်း လွန်ခဲ့တဲ့ စက်တင်ဘာလက (၄၅) မျက်နှာ အစီရင်စာတစောင် ရွှေဓါတ်ငွေ့အဖွဲ့က ထုတ်ဝေခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသက သင်္ဘောနဲ့ သယ်ယူလာတဲ့ရေနံနဲ့ ရွှေဓါတ်ငွေ့တွင်းက ထွက်တဲ့ဓါတ်ငွေ့ကို ကျောက်ဖြူကတဆင့် ပိုက်လိုင်းနဲ့ ယူနန်ပြည်ကို ပို့ပေးမှာဖြစ်ပါတယ်။ ဓါတ်ငွေ့ရောင်းစားလို့ရတဲ့ ငွေအပြင် ရေနံပိုက်လိုင်း တည်ဆောက်ခွင့်ပြုတဲ့အတွက်လည်း ငွေရဦးမှာမို့ ဗမာစစ်အစိုးရအဖို့ အမြတ်ရဖို့သာ ရှိပါတယ်။ ဆုံးရှုံးမှာကတော့ ပြည်သူတွေ ဖြစ်ပါတယ်။ မြို့နယ် (၂၂) ခုကို ဖြတ်သွားမယ့် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းကို တပ်ရင်း (၄၀) ကျော်က ကာကွယ်သွားမှာမို့ အဲဒီဒေသက ပြည်သူလူထု ဒုက္ခရောက်မှာ သေချာသလောက် ဖြစ်နေပါတယ်။

ရတနာနဲ့ ရဲတခွန် ဓါတ်ငွေ့ပိုက်လိုင်း တနင်္သာရီတိုင်းမှာ ဆောက်လုပ်တုန်းက ဒေသခံတွေကို အတင်းအဓမ္မခိုင်းစေမှု၊ လယ်ယာမြေသိမ်းပိုက်မှု၊ အတင်းအဓမ္မရွှေ့ပြောင်းမှု၊ မုဒိမ်းမှု စတာတွေကို အစိုးရတပ်က ကျူးလွန်တာ လူသိများပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်းရဲ့ တဘက်တချက်မှာ လုံခြုံရေးအတွက် မြေရှင်းပေးရတာကြောင့် ပိုက်လိုင်းတလျှောက်က ကျေးရွာအများအပြား နေရာရွှေ့ပြောင်းကြ ရပါတယ်။ ရတနာပိုက်လိုင်းထက် (၁၅) ဆ ရှည်လျှားတဲ့ မြန်မာ-တရုတ် ပိုက်လိုင်းလုံခြုံရေးအတွက် ရွှေ့ပြောင်းပေးရမယ့် ကျေးရွာအများကြီး ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ရတနာဓါတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ ပါဝင်တဲ့ ယူနိုကယ် (UNICOL) အမေရိကန်ကုမ္မဏီဟာ လူ့အခွင့်အရေးချိုးဖျက်မှုနဲ့ ကာလီဖိုးနီးယား (California) ပြည်နယ်မှာ တရားစွဲခံရလို့ ဒေသခံတွေကို လျော်ကြေးပေးလိုက်ရပါတယ်။ ဗမာစစ်အစိုးရ စစ်တပ်တွေများလေလေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များလေလေ ဖြစ်နေပါတယ်။

စစ်တွေ-ရန်ကုန် နဲ့ ကျောက်ဖြူ-ရန်ကုန် ကားလမ်းတွေ ဆောက်လုပ်တုန်းကလည်း ရခိုင်လူထုကို အခကြေးငွေ မပေးဘဲ အတင်းအဓမ္မခိုင်းစေခဲ့တာကြောင့် ကျောက်ဖြူ-ယူနန် ပိုက်လိုင်း စီမံကိန်းမှာ ရခိုင်တိုင်းရင်းသားတွေ အရင်ဆုံး ဒုက္ခရောက်ဖွယ် ရှိနေပါတယ်။ တနင်္သာရီ အတွေ့အကြုံအရ ပိုက်လိုင်းဆောက်လုပ်ပြီးစီးသွားခဲ့ပေမဲ့ ဒေသခံတွေဟာ ပိုက်လိုင်းစောင့်ရှောက်ရေးကို ဆက်ပြီးတာဝန်ယူနေကြရပါတယ်။ ပိုက်လိုင်းလုံခြုံရေးအတွက် စခန်းချတဲ့ တပ်ရင်းတွေက ခိုင်းစေတာကိုလည်း ဒေသခံတွေက လုပ်ပေးကြရပါတယ်။ ရွှေဓါတ်ငွေ့ကို ဝယ်ယူပြီး ပိုက်လိုင်းတည်ဆောက်တဲ့ တရုတ်အစိုးရ ကုမ္မဏီဟာ အမေရိကန်ကုမ္မဏီလို လျော်ကြေးပေမယ့် အမျိုးအစာ မဟုတ်ပါဘူး။

တရုတ်ပြည်မှာလည်း စီးပွားရေးသမားတွေနဲ့ ဒေသခံအာဏာပိုင်တွေ ပူးပေါင်းပြီး လယ်မြေသိမ်းယူတာကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေ နှစ်စဉ်ဖြစ်ပွားနေပါတယ်။ ရေနံနဲ့ ဓါတ်ငွေ့စီမံကိန်းကြောင့် ရခိုင်ပြည်နယ် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးဖြစ်နေလို့ပါဘဲ။ လေရေ ညစ်ညမ်းမှု၊ စိမ်းလန်းစိုပြေတဲ့ ဒေသကွယ်ပျောက်မှု၊ မြစ်ရေခန်းခြောက်မှု၊ မြေဆီလွှာခန်းခြောက်မှု စတဲ့ သဘာ၀ ပတ်ဝန်းကျင်ပျက်စီးတဲ့ ပြဿနာတွေဟာ တရုတ်ပြည်သူတွေကို ဒုက္ခပေးနေတာ ကြာနေပါပြီ။

စီးပွားရေး လုပ်ငန်းတွေကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ရတာကို တရုတ်အစိုးရ သတင်းဌာန၊ ပြည်တွင်းပုဂ္ဂလိက သတင်းဌာန နဲ့ နိုင်ငံခြားသတင်းဌာနတွေက ဖော်ပြတဲ့အတွက် အခုလို သိရတာဖြစ်ပါတယ်။ မြန်မာပြည်လို စာနယ်ဇင်းလွတ်လပ်မှု မရှိတဲ့နိုင်ငံမှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးလို့ ဒုက္ခရောက်ရတာကို ဖော်ထတ်ဖို့ ပြည်သူလူထုကဘဲ ကြိုးစားရပါလိမ့်မယ်။ စစ်အစိုးရနဲ့ လုပ်ငန်းရှင်တွေအဖို့ ငွေရဖို့သာ အဓိကဖြစ်နေပါတယ်။ လာဘ်စားတဲ့ အစိုးရအမှုထမ်းနဲ့ ပြည်တွင်းပြည်ပ အရင်းရှင်တွေ ပူးပေါင်းပြီး စီးပွားရေး သောင်းကျန်းနေတဲ့ဒဏ်ကို တရုတ်တပြည်လုံး ခံနေရပါတယ်။ တရုတ် သင်ခန်းစာကို ယူတတ်ရင်တော့ မြန်မာပြည်သူတွေ သက်သာစရာရှိကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG