ရန်ကုန်မြို့က အထူးကုဆေးခန်းတခုမှာ ခွဲစိတ်ကုသရင်း မိန်းကလေးငယ်တဦး သေဆုံးသွားခဲ့ရတဲ့ ကိစ္စအတွက် သက်ဆိုင်ရာက အရေးယူမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်လာပေမဲ့လည်း၊ ဒီ စုံစမ်းစစ်ဆေးမှုတွေ နဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် အပေါ် ဆေးပညာအသိုင်းအဝန်းက မေးခွန်းတွေ ထွက်ပေါ်နေကြဆဲပါ။ အသက် ၁၅ နှစ်အရွယ် (၉) တန်းကျောင်းသူ မခိုင်ရွှန်းလဲ့ရည် သေဆုံးရတာဟာ မြန်မာနိုင်ငံက ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ်ရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခု အဖြစ်နဲ့လည်း ရှုမြင်နေကြတာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်းမှာ ကုသမှုခံယူရင်း (၉) တန်းကျောင်းသူ သေဆုံးခဲ့တဲ့အတွက် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ကို တာဝန်မကင်းဘူးဆိုပြီး ဆေးကုသခွင့် ၅ နှစ်ပိတ်ပင်ပြီး အရေးယူလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရှင်းရှင်းလင်းလင်း မသိနိုင်တဲ့အတွက် မေးခွန်းတွေ ဆက်လက် ထွက်ပေါ်နေတာပါ။ ခွဲစိတ်ကုသအပြီး နိုဝင်ဘာ ၂၇ ရက်နေ့က မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုအတွက် မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့ စစ်ဆေးခဲ့ပြီးတဲ့နောက် ခွဲစိတ်ကုသသူ အထူးကု ဆရာဝန်ကြီး အနေနဲ့ လုပ်ကိုင်မှု မှားယွင်းမှု၊ ဆုံးဖြတ်ချက် လွဲမှားမှုတွေရှိတယ်ဆိုပြီး အရေးယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆေးကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ တိတိကျကျ မသိနိုင်ဘဲဖြစ်နေရသလို၊ မြန်မာနိုင်ငံရဲ့ ယိုယွင်းနေတဲ့ ကျန်းမာရေး စနစ်အပေါ်မှာရော အလေးထား အာရုံစိုက်ကြရဲ့လားဆိုပြီး "အထွေထွေရောဂါကု ဆရာဝန်လက်စွဲ၊ အခြေခံ သမားကျင့်ဝတ်" ဆိုတဲ့ စာအုပ်ကို ဒီနှစ်ထဲမှာပဲ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဒေါက်တာ မြင့်ဦး (GP) က မေးခွန်းထုတ်ပါတယ်။
"၁၅ နှစ်သမီးလေး သေသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိက ကတော့ ဆရာဝန်တွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်းပေါ့ဗျာ။ ကျင့်ဝတ်သိက္ခာ ဆိုတာက ဆရာဝန်တွေလည်း ပါတယ်၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့၊ နောက်တခါ ဆရာဝန်နဲ့ ကျန်းမာရေး စနစ် ပေါ့နော်၊ ဒီလိုမျိုး သုံးမျိုး ကျနော်တို့ ပိုင်းလို့ရတာပေါ့နော်။ ဆရာဝန်ရဲ့အပိုင်းကိုတော့ မြန်မာနိုင်ငံ ဆေးကောင်စီ အဖွဲ့က စုံစမ်းစစ်ဆေးရေး ဖွဲ့ပြီးတော့ စစ်ဆေးပြီးတော့ အရေးယူတယ်ပေါ့နော်။ အရေးယူတယ် ဆိုတာကတော့ ဒီ ဆရာဝန်ကို ဆရာဝန်လုပ်ပိုင်ခွင့် သက်တမ်း ၅ နှစ် ရပ်ဆိုင်းလိုက်တာပေါ့နော်။ ဒီလောက်ကို တချို့တွေကတော့ ဒီလို အရေးယူရုံလောက်နဲ့ လုံလောက်သလားလို့ စဉ်းစားစရာတွေ ဖြစ်လာတာပေါ့နော်။ အဲဒီတော့ ဆေးကောင်စီပိုင်း အနေနဲ့ ကတော့ သူတို့က အရေးယူတာ။ သူကလည်း ပြောရရင်တော့ အရေးယူတဲ့အပိုင်းမှာ အာဏာရှိတဲ့အဖွဲ့တော့ မဟုတ်ဘူး ပေါ့ဗျာ။ ဆေးကောင်စီတောင်မှ သူ့ရဲ့ လုပ်ငန်းဆောင်တာတွေ မလုပ်ဆောင်နိုင်ခဲ့တာ နှစ်ပေါင်း တော်တော်ကြာခဲ့ပြီ။ အခုမှသာ ဆေးကောင်စီ ဆိုတာ ရှိပါလား။ ဆေးကောင်စီက ဆရာဝန်တွေရဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်းရေး လုပ်ဆောင် နေပါလား ဆိုတာကို သိတာ။ တကယ်လို့ စစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိလို့ ဒီဆရာဝန်ကြီးမှာ ပေါ့လျော့မှုကြောင့် လူသေ စေခြင်း ဖြစ်ခဲ့ပါတယ် ဆိုပြီးတော့ ရဲ အရေးပိုင်တဲ့မူအရ ရဲဆီပို့ပြီး သူ့ကို တရားစွဲမယ်။ ရဲတွေက နောက်ဆုံး သူ့ကို ထောင်ချတာတွေ ဘာတွေ ရှိမယ်။ ဒါပေမယ့် အဲဒီလို အဆင့်ထိဖြစ်သလား ဆိုတာကို သူတို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်က မခိုင်လုံသေးဘူး။"
မြန်မာစစ်အစိုးရကတော့ ဒီမတိုင်မီ ကျန်းမာရေး ဝန်ဆောင်မှု ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်က ပြဋ္ဌာန်းပြီး ပုဂ္ဂလိက ဆေးရုံ တွေကို မှတ်ပုံတင်ဖို့ စတင်ဆောင်ရွက်မှုတွေ ရှိပေမဲ့၊ ဒီဥပဒေတွေကို ပြည့်ပြည့်၀၀ အကောင်အထည် ဖော်နိုင်တဲ့ အဆင့် မှာ မရှိဘူး လို့လည်း ဒေါက်တာမြင့်ဦး က ပြောပါတယ်။ တကယ်တော့ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ လာရာက အများက အာရုံစိုက်လာကြတဲ့ ဒီအဖြစ်အပျက်ဟာ မြန်မာနိုင်ငံက ယိုယွင်းနေတဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှု စနစ်ရဲ့ တစိတ်တပိုင်း အဖြစ် မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုလို့လည်း ဒေါက်တာ မြင့်ဦး က မြင်ပါတယ်။
"ဒီကလေးငယ်လေးဟာ ငွေကြေးတတ်နိုင်တယ်။ နောက်တခါ အသိုင်းအဝိုင်း ရှိတယ်။ ဂျာနယ်နဲ့ စာနယ်ဇင်းတွေကလည်း ဖော်ပေးတဲ့အတွက်ကြောင့် အခုလို အုတ်အော်သောင်းနင်း ဖြစ်ရတာ။ စာနယ်ဇင်းတွေ မပံ့ပိုးခဲ့တဲ့အတွက် ခံလိုက်ရတဲ့ အမှုတွေ အများကြီးပဲ ရှိပါတယ်။ ကျနော်လည်း တွေ့ခဲ့ဖူးပါတယ်။ ကျနော့် ဆရာဝန်သက်တမ်းက နှစ်ပေါင်း ၃၀ ရှိခဲ့ပါပြီ။ ကျနော့်အထက်က ဆရာဝန်ကြီးတွေကလည်း ပြောဆိုထားတာ ရှိပါတယ်။ တခါက ဆေးရုံမှာသွားပြလို့၊ ပိုက်ဆံ မတတ်နိုင် လို့ ပေါ့လေ၊ မျက်စိတလုံးမှာ အကျိတ်ကြီးဖြစ်နေတဲ့သူ ဆေးရုံကိုရောလာတဲ့ အစိုးရဝန်ထမ်း၊ ထရပ်ကား မောင်းတဲ့သူပေါ့။ ငွေကြေးမတတ်နိုင်လို့ အစိုးရဆေးရုံမှာ သွားတက်တဲ့အခါကျတော့ အစိုးရက ၃၈ သိန်း ကုန်မယ်ဆိုတော့ သူ့မှာ နောက်ဆုံးတော့ တတ်ယောင်ကားပေါ့ဗျာ၊ မျက်စင်း ခတ်တဲ့သူနဲ့၊ မျက်စဉ်းဆရာနဲ့ ပရုတ် ဆရာဆီကို ရောက်သွားတာပေါ့။ ဘာအခြေအနေတွေ ရောက်သွားမှန်းမသိတော့ဘူး။ ကျနော် ကိုယ်တိုင်ပဲ သည်းခြေအိတ်မှာ ကျောက်တည်တဲ့သူဟာ ခွဲလိုက်ရင် တကယ်ပဲ ဝါထိန်နေတာတွေ ပျောက်သွားမယ်၊ ဒါပေမဲ့ သူ့ခမျာ ငွေခြောက်သောင်း မတတ်နိုင်လို့ အစိုးရ ဆေးရုံမှာ ပြောင်းတက်တာ၊ ကျနော်တို့ဆီ ပြန်ရောက်လာတဲ့အခါကျတော့ - ကျနော်တို့မှာ လုပ်ငန်းကျွမ်းကျင်မှု level ကလည်း နိမ့်ကျတဲ့အခါကျတော့၊ ကျနော်ကိုယ်တိုင်ကလည်း ခွဲစိတ်ဆရာဝန် မဟုတ်တော့ ထိန်းရင်း ထိန်းရင်းနဲ့ပဲ နောက်ဆုံး လုံးပါး ပါးသွားရတာပေါ့ဗျာ။ ဒါတွေ ဖြစ်ခဲ့တယ်။ အများကြီး ရှိခဲ့တယ်။ ဒါက တလျှောက်လုံး ဖြစ်ပျက်နေတာပဲ လေ။ အခုဟာက ကျနော်တို့ စနစ်ကြီးကို ပြင်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ။"
တကယ်တော့ ကမ္ဘာပေါ်က ကြွယ်ဝတဲ့ အမေရိကန်လို နိုင်ငံကြီးတွေမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုဟာ အစိုးရတွေ အဖို့ ခေါင်းခဲစရာတွေ ဖြစ်နေရဆဲ ဖြစ်ပေမဲ့ အခြေခံအားဖြင့် ကျန်းမာရေး အသိ၊ လူနာတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးထားတာတွေဟာ မြန်မာနိုင်ငံက ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေး အတွက် အတုယူစရာလို့ အခုအခါ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဆေးပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာမြင့်ဦး က ဆိုပါတယ်။
"ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အိုဘားမားကနေပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ဆိုပြီးတော့ ခုချိန်ထိ သူတို့ အငြင်းအခုံတွေ ဖြစ်နေကြတုန်းပဲ။ အမေရိကန်ရဲ့ ကျန်းမာရေးစနစ်က အဆင့်မြင့်တာတော့ မှန်တယ်။ ဒါပေမဲ့ မတတ်နိုင် တဲ့ သူတွေကို တကယ်ပဲ အကျိုးပြုသလားဆိုတာလည်း သူတို့မှာ ငြင်းခုံနေတုန်းပဲ။ ကျနော်ကိုယ်တိုင် ဒီမှာ ရောဂါဖြစ်မှာ ကြောက်တယ်။ ကျနော့်ရဲ့ insurance coverage က အကုန်မရှိဘူး။ အဲဒီတော့ အမေရိကန်ရဲ့ ကျန်းမာရေး စောင့်ရှောက် မှု မှာလည်း လိုအပ်တာတွေ ကျနော် တွေ့တယ်။ ဒါပေမဲ့ တခု ကောင်းတာကတော့ဗျာ Patience Right လူနာရဲ့ အခွင့်အရေးဆိုတာကတော့ အပြည့်အ၀ ပေးတယ်။ လူနာတယောက်ဟာ တိုင်နိုင်တယ် ပြုနိုင်တယ်။ ဒါမျိုးတွေပေါ့။ ကျနော်တို့ နိုင်ငံမှာကတော့ လူနာအခွင့်အရေးဆိုတာ လူနာတွေကလည်း မသိကြဘူး။ နောက်ပြီး မြန်မာပြည်မှာ ဖြစ်ပျက် နေတဲ့ စနစ်က အရာရာကို ဆရာဝန်ကို ဆုံးဖြတ်ခိုင်းတယ်။ ဆရာကောင်းသလို လုပ်ပါ။ ဆရာက တတ်တာပဲ။ ကျမတို့က ဘာတတ်မှာလဲ ဆိုပြီးတော့ လူနာက မဆုံးဖြတ်ဘူး။ အဲဒါက အမြဲတမ်း တောက်လျှောက် ဖြစ်လာတာ။ သွားလို့ရှိရင် ငါ့မှာ မေးပိုင်ခွင့် ရှိပါလား။ ဆေးစကားနဲ့ပြောရင် inform concept ပေါ့ဗျာ။ ဆရာဝန်သိသမျှ တချို့သော အသိပညာတွေကို သူ့ကို အကုန်သင်ပေးဖို့ မဟုတ်ဘူး။ သူနဲ့ပတ်သက်တဲ့ရောဂါကို သူ နားလည်တဲ့စကားနဲ့ ရှင်းပြပြီးတော့ ကုသရေးမှာ လူနာ ကိုယ်တိုင် ဆုံးဖြတ်တာကို ကျနော်တို့က အားပေးရမယ်။ ဒီလိုပဲ ယှဉ်လိုက်ရင် အမေရိကန်မှာ ကောင်းတာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် အမေရိကန်မှာလည်း လိုတာတွေ ကျနော် တွေ့သလို မြန်မာပြည်မှာလည်း အဓိက ခံစားနေရတာ ကတော့ Patience Right ပေါ့ဗျာ။ လူနာတွေရဲ့ အခွင့်အရေးတွေကို အများကြီး မြှင့်တင်ပေးနိုင်ရင် ကျနော်တို့ရဲ့ စနစ်က တိုးတက်လာနိုင်ပါတယ်။"
မြန်မာစစ်အစိုးရက နိုင်ငံတော်ဘဏ္ဍာကို သုံးစွဲတဲ့နေရာမှာ ကျန်းမာရေး၊ ပညာရေးလို ကဏ္ဍတွေမှာ မဆိုသလောက်သာ သုံးစွဲနေတယ်လို့လည်း ဝေဖန်သူတွေက ဆိုနေကြတာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မှတ်တမ်းအရ ၂၀၀၀ ပြည့် နှစ်တုန်းက ဆိုရင် မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုဟာ ကမ္ဘာမှာ ဆီယာလီယွန်း နိုင်ငံပြီးရင် ဒုတိယ အဆိုးဆုံး နိုင်ငံ အဖြစ်နဲ့ သတ်မှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။