သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုပင်ဟေဂင်ညီလာခံမှာ ရာသီဥတုဆိုင်ရာ မူဝါဒတွေ ချမှတ်ရေး တောင်းဆိုဆန္ဒပြ


ဒီသီတင်းပတ်ထဲ ကုလသမဂ္ဂက ကြီးမှူးကျင်းပမယ့် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ ညီလာခံမှာ မိမိတို့ရဲ့ လိုလားချက်တွေ အရေးယူ ဆောင်ရွက်ပေးဖို့ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေက စနေနေ့က လန်ဒန်မြို့လယ် ပါလီမန် အဆောက်အဦးတဝိုက်မှာ စုရုံးခဲ့ကြပါတယ်။

ဆန္ဒပြသူ အများစုကြီးက လူသားတွေကို ရေလှိုင်းလုံးအသွင် ဖန်တီးပြသဖို့အတွက် အပြာရောင် ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ ဆန္ဒပြကြတဲ့ ခေါင်းဆောင်တွေကို ဗြိတိသျှု ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း က ဝန်ကြီးချုပ်ရုံးကို ဖိတ်ခေါ် ဆွေးနွေးခဲ့ပြီးတော့ ကိုပင်ဟေဂင် ညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ သူတို့ရဲ့ တင်ပြချက်တွေကို ဆန္ဒပြခေါင်းဆောင်တွေက ဝန်ကြီးချုပ် ဘရောင်းကို ပေးအပ်ခဲ့ကြပါတယ်။

နိုင်ငံပေါင်း ၁၀၀ ကျော်က လာရောက် ဆန္ဒပြကြသူတွေက လာမယ့် တနင်္လာနေ့ကစပြီး ၁၂ ရက်ကြာ ဆန္ဒပြသွားဖို့ စီစဉ်ထားကြပါတယ်။ ဖလ်လုံအိမ်ဓါတ်ငွေ့ လျှော့ချရေး နိုင်ငံတကာ သတ်မှတ်ချက် စံညွှန်းတရပ် ရရှိရေးအတွက် ကိုပင်ဟေဂင် ညီလာခံ တက်ရောက်မယ့် နိုင်ငံတကာ ခေါင်းဆောင်တွေ ကြိုးပမ်းသွားကြမှာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်က ဂျပန်နိုင်ငံ ကျိုတိုမြို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံက သဘောတူညီချက်ဟာ ၂၀၁၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးသွားမှာလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘရက် အိုဘားမား နဲ့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း တို့လည်း ကိုပင်ဟေဂင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ ညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG