သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာလုံးဆိုင်ရာ အေစ့်ရောဂါ တိုက်ဖျက်ရေး


ဒီဇင်ဘာ ၂၊ ၂၀၀၉။ ဒီဇင်ဘာလ ၁ ရက်နေ့ဟာ ကမ္ဘာ့အေစ့်ရောဂါနေ့ ဖြစ်ပါတယ်။ တကမ္ဘာလုံကို ဆယ်စုနှစ် သုံးစုနီးပါး ခြိမ်းခြောက်ဒုက္ခပေးလာတဲ့ AIDS ရောဂါဆိုးကြီးကို တကမ္ဘာလုံး သတိတကြီးနဲ့ ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့ ရည်မှန်းချက်ထားပြီး ဒီနေ့ သတ်မှတ်တာပါ။ AIDS ရောဂါဟာ လူသားတွေအတွက် ကျန်းမာရေးကိစ္စရပ်တင် မဟုတ်တော့ပါဘူး။ ရောဂါသည်တွေကို ခွဲခြားဆက်ဆံမှုတွေ ရောဂါသည်တွေအပေါ် အထင်အမြင်မှားမှု အထင်အမြင်သေးမှုတွေကစလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဖြစ်လာပါတယ်။ လူမှုရေး ပညာရေး စီးပွားရေး စသဖြင့် နယ်ပယ်အသီးသီးနဲ့ပါ အကျုံးဝင် ဆက်စပ်လာပါတယ်။

ရောဂါ ကူးစက်ပျံနှံမှုဟာ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ၁၇ ရာခိုင်နှုန်းကျဆင်းလာတယ်လို့ ကုလသမဂ္ဂအေစ့်ရောဂါတိုက်ဖျက်ရေးအဖွဲ့ကြီးက ထုတ်ပြန်ပေမယ့်လို့ HIV ဒါမှမဟုတ် အေ့စ်ရောဂါ ခံစားနေရသူ ဝေဒနာရှင်ဟာ လူဦးရည် ၃၃ သန်းအထိ တိုးမျာလာပါတယ်။ ၁၉၈၀ ခုနှစ်များကာလကတည်းကဆိုရင် အေစ့်ရောဂါကြောင့် လူပေါင်း ၂၅သန်းကျော် သေဆုံးခဲ့ရပါပြီ။ နှစ်စဉ်လိုလို လူဦးရည် ၂.၅သန်း ရောဂါပိုး ကူးစက်ခံရပြီး ရောဂါကြောင့် ၂.၁သန်း သေဆုံးရပါတယ်။ ရောဂါပိုးပျံနှံမှုဟာ ဖွံဖြိုးဆဲ တတိယနိုင်ငံတွေမှာ အဆိုးဆုံးဖြစ်နေပါတယ်။ ရောဂါပိုး ကူးစက်ခံရသူ ၉၀ရာခိုင်နှုန်းဟာ ၀င်ငွေနည်းပါးတဲ့ ၀င်ငွေအလယ်အလတ်ရှိတဲ့ တိုင်းပြည်တွေကပါ။

ဒါပေမယ့်လည်း AIDS ရောဂါ တိုက်ဖျက်ရေးမှာ အောင်မြင်မှုတွေတော့ ရှိနေပါတယ်။ အရင်တုန်းက AIDS ဝေဒနာရှင်တွေအတွက် ရောဂါသက်သာဆေးဖြစ်တဲ့ အေအာဗီ ဆေးပြားဟာ အတော်ကို ဈေးနှုန်းကြီးမြင့်လို့ - ဝေဒနာရှင်တွေ လက်လှမ်းမမှီ ဖြစ်ခဲ့ရပါတယ်။ အခု ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ အေအာဗီဆေး တန်ဖိုးဟာ သိသိသာသာကို ဈေးနှုန်းကျဆင်းသွားပါတယ်။ အလိုအပ်ဆုံးနေရာတွေမှာ လိုအပ်တဲ့ဆေးဝါးတွေ ပိုမိုရရှိလာပါတယ်။

Dr.Anthony Fauci ဟာ AIDS ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့ဆုံးကနေ ပြောဆိုဆောင်ရွက်နေတဲ့ အလာဂျီနဲ့ကူးစက်ရောဂါဆိုင်ရာ အမျိုးသားသိပ္ပံရဲ့ အကြီးအကဲ ဖြစ်ပါတယ်။ ရောဂါတိုက်ဖျက်ရေးမှာ အောင်မြင်မှုတွေရှိနေတယ်ဆိုပေမယ့် - ကမ္ဘာအနှံအပြား HIV/AIDS ရောဂါသည်အရည်အတွက် ကြီးကြီးမားမားကို ကျဆင်းသွားစေနိုင်မယ့် အဓိကအခြေအနေတွေ ကိုင်တွယ်ရေးမှာတော့ ဆရာဝန်တွေရော ဆေးသိပ္ပံပညာရှင်တွေအဖို့ ခက်ခဲနေတုန်းပါပဲ။ အဲဒီအထဲ ထိပ်ဆုံးကရှိနေတဲ့ကိစ္စ ကတော့ AIDS ကာကွယ်ဆေး ပေါ်ထွက်လာရေးပါ။

ဆေးသိပ္ပံပညာရှင်တွေကတော့ HIV ရောဂါပိုး ကူးစက်ပျံပွားမှုကို တားမြစ်နိုင်တဲ့ လိမ်းဆေးအရည်သဘောမျိုး ပိုးသတ်ဆေးရနိုင်အောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။ အမျိုးသမီးတွေအတွက်တော့ ဒီနည်းနဲ့ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် ရောဂါပိုးရှိထားတဲ့ အမျိုးသားဆီက ရောဂါပိုးမရနိုင်အောင် အကာအကွယ်ယူနိုင်မှာပါ။ ကွန်ဒုံ အသုံးပြုခြင်းဟာ အကာအကွယ်ယူနိုင်တယ်ဆိုပေမယ့် ကွန်ဒုံသုံးတာ မကြိုက်သူတွေလည်း အတော်များများရှိနေတုန်းပါ။

အေစ့်ရောဂါ တိုက်ဖျက်ရေးမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေထဲ တခုကတော့ ရံပုံငွေကြေးကိစ္စဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ စီးပွားရေးကျဆင်းပြီး တိုင်းပြည်အတော်များများ ၀င်ငွေ ကျဆင်းနေတဲ့အချိန်မှာ ပိုလို့ အခက်တွေ့လာရပါတယ်။ ဥပမာ အာဖရိကတိုက်က ဆွာဇီလန်နိုင်ငံမှာ လူဦးရည် ၂၅ ရာခိုင်နှုန်းဟာ HIV ရောဂါပိုးကူးစက်ခံထားရပါတယ်။ ဒါပေမယ့် တိုင်းပြည်ဘဏ္ဍာငွေရဲ့ ၁၇ရာခိုင်နှုန်းကိုပဲ အေစ့်ရောဂါကာကွယ်ရေးအတွက် အသုံးပြုပါတယ်။

ဒါကြောင့်လည်း အေစ့်ရောဂါကူးစက်မှုဆိုင်ရာ အကြပ်အတည်းတွေ ကြုံနေတဲ့ နို်င်ငံတွေအနေနဲ့ သူတို့ရဲ့ အမျိုးသားအာမခံလုပ်ငန်းအစီအစဉ်တွေမှာ အေစ့်ရောဂါ ပြုစုစောင့်ရှောက်ရေး စရိတ်စကတွေ ထည့်သွင်းသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG