သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြ


စာရွက်စာတမ်းအတု ကိုင်ဆောင်မှုနဲ့ အင်းစိန်အကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ အမေရိကန် နိုင်ငံသား ကိုညီညီအောင် ခေါ် ကိုကျော်ဇောလွင်ဟာ အခု ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သူ့ရဲ့အဒေါ်က ပြောပါတယ်။ ဒီကနေ့ပဲ အဒေါ်ဖြစ်သူက ထောင်ဝင်စာ သွားတွေ့ရင်း ကိုညီညီအောင်ရဲ့ အခြေအနေတွေကို သိခဲ့ရတာ ဖြစ်ပါတယ်။ ကိုညီညီအောင်ရဲ့ အဒေါ်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတော့ အဒေါ်ဖြစ်သူက အခုလို ပြောပြပါတယ်။

“သူက အခု အစာငတ်ခံ ဆန္ဒပြနေတယ်။ မတရားတဲ့ပုဒ်မတွေ အများကြီး တပ်ပြီးတော့ မတရား လုပ်နေတဲ့အတွက်၊ အရမ်း ဖိနှိပ် ချုပ်ချယ်တဲ့အတွက် အစာငတ်ခံတယ်။ ပြီးတော့ ခွဲခြားမှု ရှိနေတာပေါ့။ အန်တီတို့ဆို အခု အအေးသွင်းလို့ မရဘူး။ သူတောင်းထားတဲ့ အချက်တွေ မရမချင်း သူ မစားဘူးတဲ့။ အဓိကက တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်လို့တဲ့။

“နောက် အထဲမှာ ဖမ်းထားတဲ့ ကလေးတွေအပေါ် မတရားလုပ်လို့။ အထဲမှာ ဖမ်းထားတယ်ဆိုပြီး ဦးနေဝင်း မြေးတွေလည်း ရှိတယ်။ အများကြီးပဲ။ အဲဒါတွေကျတော့ စပါယ်ရှယ် (Special) ထားပေးတယ်။ သူတို့ တီဗွီလည်း ကြည့်လို့ရတယ်၊ စားချင် တာလည်း စားလို့ရတယ်၊ အပြင်ထွက်မယ်ဆိုရင်လည်း ကားနဲ့ ထွက်နိုင်တယ်။ တခြား အကျဉ်းသားတွေကျတော့ ဖိနှိပ် ချုပ်ချယ်ထားတယ်။ တရားမျှတမှု မရှိဘူး။”

ကိုညီညီအောင်ရဲ့အဒေါ် ဒေါ်စုစုကြည် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ကိုညီညီအောင်က အစာငတ်ခံ ဆန္ဒပြနေတာလို့ ထိုင်းအခြေစိုက် AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ကလည်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါ တယ်။

ကိုညီညီအောင်ဟာ စက်တင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံကနေ ရန်ကုန်မြို့ကို အသွား မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံခဲ့ရ တာပါ။ အင်းစိန်ထောင်ကို မရောက်ခင် စစ်ကြောရေးစခန်းမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံခဲ့ရပြီး ဆေးကုသမှုလည်း မရခဲ့ ဘူးလို့ AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ကိုညီညီအောင်ရဲ့ မိသားစုဝင်တွေကတော့ သူ့ရဲ့ ကျန်းမာရေး အတွက် စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG