သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကိုယ်စားလှယ် မြောက်ကိုရီးယားခရီး စတင်


အမေရိကန် အစိုးရရဲ့ မြောက်ကိုရီးယားဆိုင်ရာ အထူးကိုယ်စားလှယ် စတီဖင် ဘော့စ်ဝါ့သ် (Stephen Bosworth) နဲ့အဖွဲ့ဟာ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့တော်ကိုအသွား ခရီးတထောက်နားမယ့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ကို ရောက်ရှိနေပါပြီ။

မစ္စတာ ဘော့စ်ဝါ့သ်ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ကတော့ မြောက်ကိုရီးယား နျူကလီးယားလက်နက် အစီအစဉ် ဖျက်သိမ်းရေးဆိုင်ရာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ကင်မ်ဂျုံအီးလ် (Kim Jong Il) ဦးဆောင်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ ပြန်လည်ဝင်ရောက်လာရေးအတွက် ဆွေးနွေးစည်းရုံးဖို့ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆိုးလ်မြို့တော်က ဗွီအိုအေသတင်းထောက် ဂျေဆင် စထရောသာ (Jason Strother) သတင်းပေးပို့ထားတာကို မနော်ရှိုးက တင်ပြပေးထားပါတယ်။

အမေရိကန် အစိုးရရဲ့ မြောက်ကိုရီးယား နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ စတီဖင် ဘော့စ်ဝါ့သ်နဲ့ အဖွဲ့ဟာ မြောက်ကိုရီးယားကို မနက်ဖြန် အင်္ဂါနေ့မှာ မရောက်ရှိမီ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ခရီးတထောက် နားနေတာ ဖြစ်ပါတယ်။ အဲဒီမှာ တောင်ကိုရီးယား အစိုးရရဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲဆိုင်ရာ အဓိက ပင်တိုင် ညှိနှိုင်းဆွေးနွေးသူ ဝီဆန်လက် (Wi Sung-lac) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းကို ရောက်ရင်တော့ မစ္စတာ ဘော့စ်ဝါ့သ်ဟာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ မြောက်ကိုရီးယား ပြန်လည် ဝင်ရောက်လာရေးအတွက် မြောက်ကိုရီးယား အစိုးရကို စည်းရုံးဆွေးနွေးမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား အစိုးရက ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဘယ်တော့မှ ပြန်ဝင်လာမှာ မဟုတ်ဘူးလို့ စောစောပိုင်းတုန်းက ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်က မစ္စတာ ဘော့စ်ဝါ့သ်နဲ့ဆွေးနွေးပွဲရဲ့ အခြေအနေပေါ်မှာ မူတည်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကို ပြန်ဝင်၊ မဝင်ဆိုတာကို စဉ်းစားမယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင် (Wen Jiabao) ကို ပြောခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

မြောက်ကိုရီးယားဘက်က ဒီ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲအစား အမေရိကန်နဲ့ နှစ်နိုင်ငံတည်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ အခါခါ တောင်းဆိုနေခဲ့တာတွေကြောင့် မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား ဆက်ဆံရေး အဆင်မပြေ ဖြစ်လာမှာကို တောင်ကိုရီးယား အစိုးရက စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပူပင်စရာအကြောင်း မရှိဘူးလို့ နိုင်ငံခြားရေး သုံးသပ်သူတွေကတော့ ပြောနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ် အမျိုးသားတက္ကသိုလ်က ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ ကထိကဖြစ်သူ လိုကျွံဆူး (Lho Kyungsoo) သုံးသပ်ပြောဆိုတာကတော့ …

“သံအမတ်ကြီး ဘော့စ်ဝါ့သ်ရဲ့ မြောက်ကိုရီးယား ခရီးစဉ်ကြောင့် ကျနော်တို့ တောင်ကိုရီးယားရဲ့ မြောက်ကိုရီးယားအရေး ကြိုးပမ်းမှုတွေကို ထိခိုက်သွားစေမယ်လို့ မထင်ပါဘူး။ မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ဘယ်သူပဲလုပ်လုပ် အလုပ်ဖြစ်ပြီး တိုးတက်မှု ရရှိဖို့က ပိုအရေးကြီးပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ လိုလားမှုဟာ ကျနော်တို့နဲ့ ဘာမှ ကွာခြားမှု မရှိပါဘူး။”

၆ ပွင့်ဆိုင် ဆွေးနွေးပွဲကနေ ကျောခိုင်းသွားပြီးနောက် မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဒုတိယအကြိမ်အဖြစ် စမ်းသပ်ခဲ့တာပါ။ ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအနေနဲ့ နိုင်ငံခြားကို သမားရိုးကျ လက်နက်ခဲယမ်းတွေ တင်ပို့ရောင်းချခွင့် ပိတ်ပင်လိုက်တဲ့ ဆုံးဖြတ်ချက် တခုကို ချမှတ်ပြီး တုံ့ပြန်လိုက်ပါတယ်။ ဒါကြောင့် မြောက်ကိုရီးယား အစိုးရဟာ သူတို့ရဲ့ အဓိက ဝင်ငွေရတဲ့ လမ်းကြောင်းတခုကို လက်လွတ် ဆုံးရှုံးခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့ မြောက်ကိုရီးယားဟာ သူတို့ရဲ့ တင်းမာတဲ့ အပြောအဆိုတွေကို လျှော့ပြီး အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ထိတွေ့ဆက်ဆံဖို့ ကမ်းလှမ်းလာခဲ့တာပါ။ အခုလို လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဟာ မြောက်ကိုရီးယား အစိုးရကို ၆ ပွင့်ဆိုင် ဆွေးနွေးပွဲထဲ ပြန်ဝင်လာဖို့ တွန်းပို့ခဲ့တယ်လို့ တောင်ကိုရီးယားက နိုင်ငံခြားရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

တောင်ကိုရီးယား အခြေစိုက် နိုင်ငံခြားရေးနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့က အမေရိကန်ရေးရာ ညွှန်ကြားရေးမှူး ချွိုင်ကန် (Choi kang) က အခုလို သုံးသပ်ပါတယ်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ချမှတ်ခဲ့တဲ့အချိန် ဇူလိုင်လ အလယ်ပိုင်းလောက်က စလို့ မြောက်ကိုရီးယားရဲ့ အမူအရာရော၊ အပြောအဆိုပါ ပြောင်းလာခဲ့တာကို တွေ့ပါတယ်။ အဲဒီအချိန်ကစလို့ မြောက်ကိုရီးယားဟာ နိုင်ငံတကာကို ပိုပြီး ပျော့ပျော့ပြောင်းပြောင်း ပြောဆိုဆက်ဆံ လာခဲ့ပါတယ်။ ကျနော်ထင်တယ်၊ အဲဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကြောင့် သူတို့ တော်တော် အထိနာခဲ့ပုံရပါတယ်။”

မြောက်ကိုရီးယား အစိုးရက အမေရိကန်အနေနဲ့ ၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်မရေးထိုးမချင်း ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပြန်ပါဝင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံအမတ်ကြီး မစ္စတာ ဘော့စ်ဝါ့သ်က သူ့ရဲ့ မြောက်ကိုရီးယား ခရီးစဉ်မှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အမေရိကန် အစိုးရက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG